ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ပြိုင်၊မပြိုင်ယတိပြတ်မပြော၊ ALD ပါတီကမပြိုင်

ရခိုင်နိုင်ငံရေးပါတီတွေထဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီတစ်ခုတည်းကသာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြောဆိုပြီး ကျန်ပါတီတချို့ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မှာဖြစ်ကာ တချို့ ကတော့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောကြပါတယ်။
ထွက်ပေါက်ပိတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေပြီး အဲဒီအတွက် ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေထဲမှာတော့ ALD ဟာ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲကို ဆန့်ကျင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ DNA ကို ပြောပါတယ်။ “ALD အနေနဲ့ နေပြီးတော့ စစ်ကောင်စီကို ယုံကြည်မှုမရှိလို့ ရွေးကောက်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ဘူး”လို့ ALD ပါတီရဲ့ ပြောခွင့်ရ ဦးဦးမြတ်ထွန်းက DNA ကို ပြောပါတယ်။
ALD ရဲ့ မူဝါဒမှာလည်း မည်သည့်အာဏာရှင်စနစ်ကိုမဆို ဆန့်ကျင်ကြောင်း ချမှတ်ထားတာရှိတယ်လို့ ဆိုပါတယ်။ဒါပေမယ့် နောက်ထပ် ရခိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဒေါက်တာအေးမောင် ဦးစီးတဲ့ ရခိုင်ဦးဆောင်ပါတီ(AFP)က တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရွေး ကောက်ပွဲတွေတုန်းက လူထု ထောက်ခံမှုအများဆုံး ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ကတော့ ရွေး ကောက်ပွဲကိစ္စ ပါတီတွင်း ဆွေးနွေး၊ ဆုံး ဖြတ်ထားတာ မရှိသေးဘူးလို့ ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။
ဒါပေမယ့် ANP ပါတီဟာ စစ်ကောင်စီလက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်စပ်၊ တွေ့ဆုံမှုတွေ ရှိနေပြီး စစ်ကောင်စီထဲမှာလည်း ANP ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်နေတာရှိပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ တခြားသော‌ လူမျိုးစုပါတီငယ်တွေကလည်း ရွေး ကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ပြောဆိုထားကြပါတယ်။
နိုင်ငံရေးပါတီက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ပြောဆိုထားကြပေမယ့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင် တွေကတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြဘူးလို့ ပြောကြပါတယ်။
“ဒေါက်တာအေးမောင်တို့ မဲခံ(ရွေးကောက်ပွဲဝင်)မယ်ပြောနေကြတယ်။ ဒါပေမယ့် သူ့ကိုက လူတွေ ထောက်ခံမှုမရှိတော့ဘူးလေ၊ရခိုင်မှာက ရွေး ကောက်ပွဲကို အလိုမရှိကြတော့ပါဘူး၊ မဲပေးစရာလည်း မလိုဘူးလေ”လို့ ကျောက်တော် ဒေ သခံတဦးဖြစ်တဲ့ ဦးကျော်အောင်က ပြောပါတယ်။
ရခိုင်ပြည်တွင်း ဩဇာရှိတဲ့ အင်အားကြီး လက်နက် ကိုင်တပ်ဖွဲ့ဖြစ်တဲ့ AA ကလည်း ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူတွရဲ့ ဘ၀ ဖြစ်ပေါ် တိုးတက်မှုအတွက် တစုံတရာအထောက် အကူမပြုခဲ့ဘူးလို့ ပြောဆိုထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိကျ၊ ပြတ်သားတဲ့ မှတ်ချက်မျိုး မပေးသေးပါဘူး။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကတော့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီဟာ အတုအ ယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ပြောဆိုထားပါတယ်။
လွှတ်တော်သက်တမ်းနှစ်ဆက်တိုင် အနိုင်ရရှိခဲ့တဲ့ ရခိုင်ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကတော့ စစ် ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲဟာ စစ်အုပ်စု အသာစီးရရေးအတွက် ဟန်ပြလုပ်တဲ့ရွေးကောက်ပွဲသာဖြစ်ပြီး ဝင်ပြိုင်တဲ့ ပါတီတွေဟာာလည်း ဂုဏ်သိက္ခာမဲ့တဲ့ ပါတီတွေသာဖြစ်မယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးကလည်း မထောက် ခံဘူး၊ နိုင်ငံရေးအားဖြင့်လည်း စစ်တပ်က သူတို့အသာစီးရဖို့ ဟန်ပြလုပ်တာဖြစ်တယ်၊ဒါကြောင့် လုပ်တဲ့အစိုးရအတွက်ရော၊ ဝင်ပြိုင်တဲ့ပါတီတွေအတွက်ရော ဂုဏ်သိက္ခာမရှိ တဲ့ ရွေးကောက်ပွဲတစ်ခုလို့ပဲ မှတ်ချက်ပေးချင်တယ်”လို့ သူက ပြောပါတယ်။