ကားမောင်းနေတုန်း ခါးပတ် မပတ်လို့ ဒဏ်ငွေရိုက် ခံရတဲ့ ဗြိတိန် ဝန်ကြီးချုပ်

ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ဟာ ကားမောင်းနေတုန်း လုံခြုံရေး ခါးပတ် မပတ်မိတဲ့အတွက် ဒဏ်ငွေ ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟာ လူမှုကွန်ရက် မီဒီယာပေါ် လွှင့်တင်တဲ့ ဗီဒီယို တစ်ခုမှာ မောင်းနှင်နေတဲ့ ကားတစ်စီးရဲ့ နောက်ခန်းမှာထိုင်ရင်း စကားပြောနေပေမယ့် ခါးပတ် ပတ်မထားတာကို တွေ့ရပါတယ်။ ဗြိတိန်မှာ ကားမောင်း နေချိန်ဆိုရင် ခရီးသည်ရော၊ ယာဉ်မောင်းပါ မဖြစ်မနေ ခါးပတ်ပတ်ဖို့ ဥပဒေ သတ်မှတ်ထားပါတယ်။

အသက် ၄၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ အခုကိစ္စနဲ့ ပတ်သက်လို့ ပြန်တောင်းပန်ခဲ့သလို လူတိုင်း ကားမောင်းနေချိန်မှာ ခါးပတ် ပတ်ထားသင့်တယ်လို့ သူ့အနေနဲ့ လက်ခံကြောင်း ဖြေရှင်း ထုတ်ပြန်ခဲ့ပါတယ်။

အခုအခါမှာတော့ လန်ကက်ရှိုင်းယား ရဲတပ်ဖွဲ့က အသက် ၄၂ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ စည်းမျဉ်း ချိုးဖောက်မှုအတွက် သတ်မှတ် ပြစ်ဒဏ် (ဒဏ်ငွေ) ချမှတ် ခံခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ ဒဏ်ကြေး တပ်အရိုက်ခံရသူ နာမည်ကို တရားဝင် မထုတ်ပြန်ပေမယ့် ဝန်ကြီးချုပ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗြိတိန်မှာ ခရီးသည် တစ်ဦးက ကားစီးနေရင်း ခါးပတ် မပတ်ခဲ့ရင် ဒဏ်ကြေး စတာလင်ပေါင် ၁၀၀ ချမှတ် ခံရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တရားရုံးထိ ရောက်သွားရင်တော့ စတာလင်ပေါင် ၅၀၀ လောက်ထိ ဒဏ်ကြေး မြင့်တက်သွားနိုင်ပါတယ်။

ဝန်ကြီးချုပ်ဟာ လန်ကက်ရှိုင်းယားဖက်ကို ကားနဲ့သွားနေရင်း ခါးပတ်ဖြတ်ထားမိတာ ဖြစ်တဲ့အတွက် လန်ကက်ရှိုင်းယား ရဲတပ်ဖွဲ့ရဲ့ ဒဏ်ရိုက်မှုကို ခံခဲ့ရတာပါ။

ဆူနက်ခ် အတွက်တော့ အစိုးရ အဖွဲ့ဝင် ဘဝမှာ စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဒုတိယမြောက် ဒဏ်ငွေဆောင်ရတာလည်း ဖြစ်ပါတယ်။ မနှစ်က ဧပြီလတုန်းကလည်း ဘဏ္ဍာရေး ဝန်ကြီးဘဝမှာ သူဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်၊ ဝန်ကြီးချုပ်ကတော် ကာရီဂျွန်ဆန်တို့နဲ့အတူ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ပြီး မွေးနေ့ပါတီ လူစုလူဝေး တစ်ခုကို တက်ရောက်ခဲ့တာကြောင့် ဒဏ်ငွေ ဆောင်ခဲ့ရဖူးကြောင်း သိရပါတယ်။