ရုရှားရဲ့ Wagner ကြေးစားတပ်ကို နယ်ခြားဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖြစ် သတ်မှတ်ဖို့ အမေရိကန် စီစဉ်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံး အင်အားစု တစ်ခုလို့ လူသိများတဲ့ Wagner ကြေးစားတပ်ကို အမေရိကန်က နယ်ခြားဖြတ်ကျော် ရာဇဝတ် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်သွားမယ်လို့ သိရပါတယ်။

Wagnerတွေဟာ ရုရှားက ဆင်နွှဲတဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါ​ဝင်လှုပ်ရှားခဲ့ပြီး ယူကရိန်း စစ်မြေပြင်ကိုလည်း ကြေးစားစစ်သည် ထောင်သောင်းချီ ပို့ဆောင်ထားပါတယ်။ နောက်ပြီး လတ်တလော ယူကရိန်း အရှေ့ပိုင်းမှာ အရှိန်မြှင့်နေတဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာလည်း Wagnerတွေ အဓိက ဦးဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။

လာမယ့် သီတင်းပတ်မှာတော့ Wagnerကို နယ်ခြားဖြတ်ကျော် ရာဇဝတ် အဖွဲ့အစည်း တစ်ခုအဖြစ် ကြေညာဖို့ စီစဉ်ထားပြီးပြီလို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် Wagnerနဲ့ ဆက်စပ်တဲ့ ကွန်ရက် အသင်းအဖွဲ့တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေကိုလည်း မြှင့်တင်သွားမယ်လို့ သိရပါတယ်။

Wagnerတွေဟာ ယူကရိန်းအပြင် တခြားနေရာ အနှံ့မှာပါ ကြမ်းကြုတ်ရက်စက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလို သတ်မှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျက်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။ သူက ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ Wagner အဖွဲ့သား ၅၀၀၀၀ ဝန်းကျင်လောက် ရှိမယ်လို့လည်း ဆိုပါတယ်။

Wagnerတွေဟာ ဆီးရီးယား၊ လစ်ဗျား၊ အလယ်အာဖရိကနဲ့ တခြား စစ်မက်ဖြစ်ပွားရာ နယ်မြေတွေမှာလည်း သွားရောက် လှုပ်ရှားခဲ့ဖူးပါတယ်။ ကာဘီက လောလောဆယ် ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ Wagner ကြေးစား စစ်သားတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ အကျဉ်းထောင်တွေထဲက ခေါ်ထုတ်လာတဲ့ ရာဇဝတ်သားတွေလို့လည်း ပြောပါတယ်။

Wagnerကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖြစ် သတ်မှတ်ပြီးရင် သူတို့ကို ထောက်ပံ့​ ကူညီပေးနေတဲ့ အဖွဲ့အစည်း အသီးသီးကိုလည်း မနားမနေ ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ကာဘီက ဆိုပါတယ်။

Wagnerတွေဟာ မြောက်ကိုရီးယားရဲ့ စစ်လက်နက်တွေကို လက်ခံ ရရှိနေတယ်လို့လည်း အမေရိကန်က ယုံကြည်နေပြီး ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကာဘီက မှတ်ချက် ပေးခဲ့ပါတယ်။ သူက မြောက်ကိုရီးယား အနေနဲ့ Wagnerကို စစ်လက်နက်တွေ ထောက်ပံ့နေတာကို ရပ်တန်းကရပ်ဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။

Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျနီ ပရီဂေါ့ဇင်ကတော့ အမေရိကန်ရဲ့ စွပ်စွဲ ပြောဆိုမှုအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ယူကရိန်း စစ်တပ်ကတော့ ရှေ့တန်းရောက် အကျဉ်းသားဟောင်း Wagner ကြေးစား စစ်သားတွေဟာ အတားအဆီး အကာအကွယ် မရှိတဲ့ နေရာတွေမှာ အသေခံ ရှေ့တက် တိုက်ခိုက်ဖို့ အမိန့်ပေး ခံရပြီး အတုံးအရုံး သေကြေကုန်ကြတယ်လို့ ပြောကြားထားပါတယ်။