ရန်ကုန် ဇီးရိုးမိုင်မှာ လူငယ်တချို့ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလည်း လုပ်နေ

ရန်ကုန်မြို့အထွက်က အမြန်လမ်း ဇီးရိုးမိုင်မှာ ခရီးသွားလာပြီး မှတ်ပုံတင်မပါတဲ့ လူငယ်တွေကို ဇီးရိုးမိုင် ဂိတ်မှာလုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်တွေက ရိုက်နှက်မေးမြန်းပြီး တချို့ကို ဖမ်းဆီးတာတွေ အထိ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ အမြန်လမ်းအသုံးပြုနေသူတွေက DNA ကိုပြောပါတယ်။

“အဓိကက ရန်ကုန်မြို့ဘက်အဝင်ဂိတ်မှာ ပိုစစ်တာ၊ ကားပေါ်ပါတဲ့လူတွေအကုန်လုံးကိုမှတ်ပုံတင် စစ်တယ်၊ မပါရင် လမ်းပေါ်မှောက်ခိုင်းထားပြီးမှ ရိုက်ပြီးစစ်ဆေးတာ၊ကျွန်တာ်တို့တွေ့တာတော့ လူငယ်နှစ်ယောက် လောက်ရှိတယ်၊သူတို့ဂိတ်ထဲမှာ ဖမ်းထားတာ”လို့ ဒီကနေ့ ဇန်နဝါရီ (၁၉)ရက်မှာ ပဲခူးမြို့ကနေ ရန်ကုန်မြို့ကို ပြန်လာတဲ့ ခရီးသွားပြည်သူတဦးကပြောပါတယ်။

အခုလို စစ်ဆေးတဲ့နေရာမှာ စစ်ကောင်စီတပ် သားတွေနဲ့ယာဥ်ထိန်းရဲတွေဟာ အသက် ၁၈နှစ်အရွယ်ကနေ အ သက် လေးဆယ်အရွယ်ဝန်းကျင် အမျိုးသား၊အမျိုးသမီး လူငယ်တွေကို အဓိကထား စစ်ဆေးနေတာဖြစ်တယ် လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့မှတ်ပုံတင်ပါတာတောင် တော်တော်နဲ့ကားကို ပေးမထွက်ဘူး၊ ဘယ်ကပြန်လာတယ်၊ ဘာသွား လုပ်တယ်၊ဘယ်တုန်းက ခရီးသွားတာလဲ၊ကိုဗစ်လက်မှတ်ပါလားနဲ့ကို ရစ်တာ၊သူတို့စိတ်အခန့်မသင့်ရင် ကားပေါ် ကဆင်းခိုင်းပြီး မှောက်ခိုင်းထားတာ”လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

အမြန်လမ်းဟာ ခရီးသည်တင်ယာဉ်တွေနဲ့ ကိုယ်ပိုင်ကားအစီးရေထောင်ကျော် နေ့စဥ်ဖြတ်သန်းသွားလာ အသုံး ပြုနေတာဖြစ်ပြီး အခုလို စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးတင်းကြပ်ပြီး ရိုက်နှက်စစ်ဆေးတာတွေကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

“အာဏာသိမ်းပြီးထဲက အခုလိုစစ်ဆေးမှုတွေမကြာခဏရှိနေတာပါ၊ အခုကဘာသတင်းရလို့လည်းတော့မသိဘူး၊ လူငယ်တွေကို အဓိကထားစစ်နေတာ မှတ်ပုံတင်ပါရုံနဲ့မရဘူး”လို့ ဒီကနေ့ အဲ့ဒီနေရာကို ဖြတ်သန်းခဲ့တဲ့ နောက် ထပ် ခရီးသွား ပြည်သူတဦးကလည်း DNA ကိုပြောပါတယ်။

ခရီးသည်တင်ယာဉ်လိုင်းတွေက အဝေးပြေးခရီးစဉ်တွေအတွက် မှတ်ပုံတင်မပါသူတွေကို လက်မှတ်ရောင်းချ တာ၊ ယာဉ်စီးနင်းခွင့် လက်ခံ ဆောင်ရွက်ပေးထားတာမျိုးမရှိပေမယ့် စစ်ကောင်တပ်ဖွဲ့ဝင်တွေက မကြာခနဆိုသလို အထောက်အထားမျိုးစုံတောင်းပြီး စစ်ဆေးလေ့ရှိတယ်လို့ အဝေးပြေး(Express)ယာဉ်မောင်း တဦးကလည်း ပြောပါတယ်။

“မှတ်ပုံတင်ပါလည်း ဘော်ဒါကြေးပုံစံမျိုး မပေးချင်လည်းပေးနေရတာ စစ်ဆေးရေးဂိတ်တိုင်းပဲ၊ဒီနေ့ဖမ်းခံရတဲ့ လူငယ်တွေက မှတ်ပုံတင်တော့ပါတယ်၊ ကျန်တာတွေတော့မပါဘူး၊အရင်က တယောက် နှစ်ထောင် လောက် ပေးရင်ရတယ်၊အခုကမရဘူး၊ဒီနေ့ဘာလို့ အခုလိုရိုက်နှက်ဖမ်းဆီးခံရတာလည်းတော့ မသိရသေးဘူး”လို့ သူက ပြောပါတယ်။

မျက်မြင်တွေ့သူတချို့ရဲ့ ပြောဆိုချက်အရ ဒီကနေ့ ဇီးရိုးမိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက လူငယ် ခြောက်ဦးနဲ့ လူလတ်ပိုင်းတဦး လိုက်ပါလာတဲ့ ယာဉ်တွေကို အချိန်ယူစစ်ဆေးခဲ့သလို စစ်ဆေးခံရသူတွေကိုလည်း အဲ့ဒီဂိတ်မှာပဲ ဖမ်းဆီး ထားလိုက်တယ်လို့ သိရပါတယ်။