ဖလမ်းမှာပစ်ခတ်မှုဖြစ်ကာ ရဲတဦးသေ ပြီးနောက် ဒေသခံသုံးဆယ်ဝန်းကျင်ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ၊ ဖာရ်ထောက်ရပ်ကွက်၊ အ.ထ.က -၁ ကျောင်းအဆင်းလမ်းမမှာ ကင်းစောင့်နေတဲ့ရဲတွေကို မနေ့ကဇန်နဝါရီ (၁၈)ရက် ညနေသုံးနာရီခွဲဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပြီးရဲတဦးသေဆုံးက လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” ရဲတွေလေးငါးယောက်ကစာသင်ကျောင်းနားမှာရှိတယ်၊ကျောင်းကိုလုံခြုံရေးယူပေးတယ်ပေါ့၊အဲ့ဒီရဲတွေအပစ်ခံရတာ” လို့ မြို့ခံတဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကလေးတဦးရဲ့ပေါင်ကိုလည်းကျည်ထိမှန်ခဲ့တယ်လို့ဆိုပါတယ်၊ ရှပ်ထိသွားတာဖြစ်လို့ စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တွင်းနေထိုင်တဲ့ ဒေသခံ  ပြည်သူ သုံးဆယ်လောက်ကို စစ်ကောင်စီက  ဖမ်းဆီးပြီးရဲစခန်းကိုခေါ်ဆောင်သွားဒီကနေ့မနက်မှာ တဦးကိုသာပြန်လွတ်ပေးသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်ပစ်ခတ်မှုဖြစ်တဲ့ ဇန်နဝါရီ ၁၈ ရက်မှာပဲ စစ်ကောင်စီက ည ကိုးနာညရီနောက်ပိုင်း အပြင် မထွက်ရ အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်မှုကို CNA အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေမီဒီယာတွေကဖော်ပြထားပေမယ့် CNA ကထုတ်ပြန်ချက်တစုံတရာထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF ကေတာ့ အဆိုပါပစ်ခတ်မှုနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်မှာထုတ်ပြန်ပါတယ်။

အခုလိုမြို့ပေါ်မှာ စစ်မျက်နှာဖွင့်တာဟာ CIDC ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်တာဖြစ်ပြီး CNO/ CNDF နဲ့ ညှိနိူင်းတိုင်ပင်တာမရှိပဲ ဖလမ်းမြို့နယ်မှာ ခုလိုလုပ်ဆောင်တာကို ကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။ နောက်နောင်မှာ ဒီလိုလုပ်ဆောင်ပါက အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ရပ်ကွက်က ကလေးသူငယ်တွေအပါအဝင် ပြည်သူသုံးဆယ်ကျော်ကိုဖမ်းဆီးထားတဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကိုအမြန်ပြန်လွတ်ပေးဖို့ ထုတ်ပြန်ချက်မှာတောင်းဆိုထားပြီးပြန်မလွှတ်ပေးပါက ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကပြည်သူတွေကို သူတို့မြို့လုံးကျွတ်မီးရှို့ခဲ့တဲ့ ထန်တလန်နဲ့ဥပမာပေးပြီး ​ခြိမ်းခြောက်ထားတာ ကြောင့် မြို့ခံတချို့က ထန်တလန်လို မီးရှို့ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။