တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ တောက်လျှောက် မြင့်တက်လာနေတဲ့ အခြေအနေမှာ ထိုင်ဝမ်က အမျိုးသမီး အရန်တပ်ဖွဲ့ဝင်တွေ လက်ခံဖို့ ပထမဆုံးအကြိမ် ပြင်ဆင်လာခဲ့ပါတယ်။
အရန်တပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေကို ဒုတိယ သုံးလပတ် ကာလကစပြီး လက်ခံသွားမယ့် အစီအစဉ် မူကြမ်းကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စမ်းသပ်အဆင့် အနေနဲ့ စတင်မှာ ဖြစ်ပါတယ်။ အရန်တပ်ဖွဲ့မှာ ဆန္ဒအလျောက် ပါဝင်လာမယ့် အမျိုးသမီးတွေကို လေ့ကျင့်ပေးဖို့ ထိုင်ဝမ် အမြဲတမ်း စစ်တပ်ရဲ့ အမျိုးသမီး စစ်သမီး ၂၂၀ ကို လွှဲပြောင်း တာဝန်ပေးသွားမှာပါ။
အရင်ကတည်းက ထိုင်ဝမ် အရန်တပ်တွေမှာ အမျိုးသမီးတွေကို လေ့ကျင့် သင်တန်းပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာနက အမျိုးသားရော၊ အမျိုးသမီးတွေကိုပါ တပြိုင်တည်း လက်ခံ လေ့ကျင့်ပေးနိုင်ဖို့ လုံလောက်တဲ့ အခြေအနေ မရှိဘူးဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ လွှတ်တော် အမတ်တချို့က ဒီလို ကန့်သတ်ထားတာဟာ ကျားမ ခွဲခြားဆက်ဆံမှု ပုံစံတစ်ခုလို့လည်း ဝေဖန်ခဲ့ပါသေးတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အရန်တပ်ဖွဲ့အင်အား စုဆောင်းလေ့ကျင့်ရေး ဦးစီး အရာရှိဖြစ်သူ ဗိုလ်မှူးချုပ် ယူဝမ်ချန်းက အမျိုးသမီးတွေကို အရန်တပ်ဖွဲ့ဝင် အနေနဲ့ လက်ခံတာဟာ ဒီနှစ်ထဲမှာတော့ စမ်းသပ်အဆင့် အနေနဲ့သာ ရှိဦးမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက ထိုင်ဝမ်ဟာ အမျိုးသားတွေရဲ့ စစ်မှုမထမ်းမနေရ ကာလကို ၄ လ သတ်မှတ်ထားရာကနေ ၂၀၂၄ ကစပြီး ၁ နှစ်ထိ တိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီသတ်မှတ်ချက်ဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ အမျိုးသားတွေအတွက် အကျုံးဝင်လာမှာပါ။
ထိုင်ဝမ်စစ်တပ်မှာ ဆန္ဒအလျောက် ပါဝင်လာတဲ့ စစ်မှုထမ်း ၁၇၀၀၀၀ လောက်ရှိပြီး နှစ်စဉ် အရန်တပ်ဖွဲ့ဝင် ၁၂၀၀၀၀ လောက်ကို လေ့ကျင့် မွေးထုတ်ပေးနေပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၆ နှစ်ကြား အမျိုးသားတွေဟာ အမြဲတမ်း စစ်တပ်မှာ ဆန္ဒအလျောက် ပါဝင်ခွင့် ရှိသလို စစ်မှုမထမ်းမနေရ ကာလ သတ်မှတ်ချက်အတိုင်း အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းလို့လည်း ရပါတယ်။
စစ်မှုထမ်းကာလ ပြီးဆုံးသွားရင်လည်း အမျိုးသားတွေဟာ နောက်ထပ် ၈ နှစ်အတွင်း လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ၄ ကြိမ် ခေါ်ယူခံရလေ့ ရှိပါတယ်။ ၂၀၂၁ ခုနှစ်ထိ စာရင်းတွေအရ ထိုင်ဝမ်စစ်တပ်ထဲမှာ အမျိုးသမီး ၁၅ ရာခိုင်နှုန်း ပါဝင်နေပေမယ့် အများစုကတော့ တိုက်ခိုက်ရေး ကဏ္ဍမှာ မဟုတ်ကြပါဘူး။
ထိုင်ဝမ်ဟာ ဒီမိုကရေစီ ထွန်းကားတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု စနစ်နဲ့ ရပ်တည်နေပေမယ့် တရုတ်ကတော့ ကျွန်းနိုင်ငံငယ်လေးကို ပိုင်နက်နယ်မြေ တစ်ခုအနေနဲ့ သဘောထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်-ထိုင်ဝမ် ဆက်ဆံရေးဟာ ပိုမိုဆိုးရွားတဲ့ လမ်းကြောင်းဆီ ဦးတည်လာတဲ့အတွက် ထိုင်ဝမ် အစိုးရဟာ ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းနေရပါတယ်။