ကန့်ဘလူမှာ စစ်အုပ်စုအထိုင်ချထားတဲ့ကျေးရွာ တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်) နဲ့ ယောရွာမှာ အထိုင်ချ ထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကဆိုပါတယ်။

မနေ့က ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၂ နာရီ လောက်မှာ အင်အား ၂၀ လောက်နဲ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နှင့် ပျူစောထီးတွေတိုက်ခိုက်ခံရတာပါ။

” စစ်အုပ်စုရဲ့ အထိုင်စခန်းကိုသွားတိုက်ခဲ့တာပါ။ သူတို့ဖက်က ကျဆုံးတဲ့လုတွေကို ဒီအတိုင်းပစ်ထားသွားတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူမြို့နယ် LPDF အဖွဲ့တွေက စုပေါင်းလုပ်ခဲ့ကြတာလို့ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး ညနေပိုင်းလောက်မှာ စစ်အုပ်စုက ယောရွာထိပ်တွင် အင်အား ၆၀ လောက်အထိ ထပ်တိုးဖြည့်နေချိန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်မှုထပ်လုပ်ခဲ့တယ်လို့လည်း ဆက်သိရပါတယ်။