မတူပီမြို့မြောက်ဘက်က ငလိုင်ကျေးရွာအနီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ အဆက်အသွယ်ပြတ်ပြီးပျောက်နေတဲ့ တပ်ဖွဲ့ ဝင်တဦး ကျဆုံးသွားပြီလို့ CDF မတူပီက အတည်ပြုထုတ်ပြန်ပါတယ်။
ငလိုင်ကျေးရွာမှာ ဇန်နဝါရီ (၁၅)ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တဦးသေဆုံးသလို CDF မတူပီဘက်ကလည်းတဦးကျဆုံးကာ လက်နက်ခဲ ယမ်း၊အသုံးအဆောင်နဲ့ ငွေသားတချို့ ဆုံးရှုံးခဲ့တယ်လို့ CDF မတူပီပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါ တယ်။
အဲ့ဒီတိုက်ပွဲမှာ CDF မတူပီဘက်က မောင်းပြန်(M 4)သေနတ်နှစ်လက်၊ခါးချိုးသေနတ် နှစ်လက်၊ ဆိုင်ကယ် (၁၁) စီး ၊လက်ကိုင်ဖုန်း (၇) လုံး၊မောင်းပြန်ကျည် အများအပြားနဲ့ ငွေသားကျပ်(၁၅)သိန်းဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေတိမ်းရှောင်သွားတဲ့ ငလိုင်ကျေးရွာထဲက လူနေအိမ် တွေကိုလည်း မွှေနှောက်ဖောက်ထွင်းတာတွေလုပ်နေသလို မနေ့က မနက်ပိုင်းကလည်း အိမ်သုံးလုံးကို ဖြိုဖျက် တာ၊မီးရှို့တာတွေလုပ်ခဲ့တယ်လို့ CDFမတူပီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေလည်း လုပ်နေတယ်လို့ CDF မတူပီ ပြန်ကြာရေး တာဝန်ခံက ဆိုပါတယ်။
မတူပီမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာ မတူပီ-ဟားခါးလမ်းပေါ်က ငလိုင်ရွာအနီးမှာရှိတဲ့ CDF မတူပီ စခန်းတခုကို စစ်ကောင်စီက အင်အားတရာဝန်းကျင်နဲ့ စီးနင်းတိုက်ခိုက်လာလို့ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်တယ်လို့ CDF မတူပီက ထုတ်ပြန်ထားပါတယ်။