ယူကရိန်းဆီ ပေးပို့မယ့် ဗြိတိန် တင့်ကားတွေကို မီးလောင်တိုက် သွင်းပြမယ်လို့ ရုရှား ခြိမ်းခြောက်

ယူကရိန်းကို ထောက်ပံ့မယ်ဆိုတဲ့ ဗြိတိန်ရဲ့ တင့်ကားတွေ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းစေရမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က နိုင်ငံရဲ့ စစ်တပ်မှာ အသုံးပြုနေတဲ့ အဓိက တိုက်ပွဲ​ဝင် တင့်ကားတွေဖြစ်တဲ့ Challenger 2 ၁၄ စီးကို ယူကရိန်းအတွက် လွှဲပေးမယ်လို့ ကြေညာလိုက်တဲ့အပေါ် ရုရှားက အခုလို တုံ့ပြန်ခဲ့တာပါ။ ဗြိတိန်ဟာ NATO မဟာမိတ် နိုင်ငံတွေထဲမှာ အနောက်နိုင်ငံ နည်းပညာနဲ့ ဒီဇိုင်းတွေ အသုံးပြုထားတဲ့ တိုက်ပွဲဝင် တင့်ကားကြီးတွေ ယူကရိန်းဆီ လွှဲအပ်ပေးဖို့ ပထမဆုံး ကတိပြုတဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။

အခုအခါမှာ ဗြိတိန်ရဲ့ လမ်းစဉ်ကိုလိုက်ပြီး တခြား NATO နိုင်ငံတွေကပါ တိုက်ပွဲဝင် တင့်ကားတွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ တိုင်ပင် ဆွေးနွေးနေကြပါပြီ။ တကယ်လို့ အနောက်နိုင်ငံတွေရဲ့ ခေတ်မီ တင့်ကားတွေသာ စစ်မြေပြင်ထဲ ဝင်လာရင် သံချပ်ကာ စစ်ရေးစွမ်းရည်မှာ အသာစီး ရနေတဲ့ ရုရှားတပ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုမျိုး ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာ ဂျာမနီကလည်း ယူကရိန်းကို Leopard 2 တင့်ကားကြီးတွေ ထောက်ပံ့ဖို့ ဆန္ဒရှိပေမယ့် ၂၀၂၄ ခုနှစ် မတိုင်ခင် ဖြစ်မလာနိုင်ဘူးလို့ ဝန်ခံထားပါတယ်။

ပြင်သစ်နဲ့ အမေရိကန်စတဲ့ နိုင်ငံတွေဟာ ယူကရိန်းကို သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ ပေးပို့ထားပြီး ဖြစ်ပေမယ့်လည်း တင့်ကားတွေ ပို့ဆောင်ဖို့ကိုတော့ တွန့်ဆုတ်နေကြဆဲပါ။ အကြောင်းရင်းကတော့ စစ်ပွဲမှာ ယူကရိန်းကို ခုခံရေး လက်နက်တွေသာ အဓိက ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေက မူဝါဒ ချမှတ်ထားကြတာကြောင့်ပါပဲ။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ ဗြိတိန်ရဲ့ တင့်ကားတွေဟာလည်း ယူကရိန်းဆီ ရောက်လာမယ့် တခြားစစ်လက်နက်တွေနည်းတူ မီးလောင်တိုက် အသွင်းခံရမှာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဗြိတိန်နဲ့ အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ ရုရှားဆန့်ကျင်ရေး မူဝါဒမှာ ယူကရိန်းကို အသုံးချနေတာသာ ဖြစ်တယ်လို့လည်း ပက်စ်ကော့ဗ်က စွပ်စွဲခဲ့ပါသေးတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဗြိတိန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူး ကြိုဆိုခဲ့ပြီး တခြားနိုင်ငံတွေကပါ ယူကရိန်းအတွက် တင့်ကားတွေ ပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။ ယူကရိန်း စစ်တပ်က လက်ရှိ သုံးစွဲနေတဲ့ တင့်ကားနဲ့ သံချပ်ကာ ယာဉ်တွေဟာ နည်းပညာအရ ခေတ်နောက်ကျနေပြီး ရုရှားတင့်ကားတွေကို ယှဉ်ပြိုင်ဖို့ အခက်တွေ့နေပါတယ်။ အခုလ အစောပိုင်းမှာ ပြင်သစ်ကလည်း သူတို့ရဲ့ AMX-10 အမျိုးအစား တင့်ကားဖျက် သံချပ်ကာ ထောက်လှမ်းရေး ယာဉ်တွေကို ယူကရိန်းဆီ ပို့ဆောင်ပေးသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။