ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အတည်ပြု

ပြည်ပမှာ တိမ်းရှောင်နေသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူက သူဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစုကို ကိုယ်စားပြုပြီး လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာကို စိန်ခေါ်သွားလိုကြောင်း ပေတွန်တန် ရှီနာဝပ်ထရာက ဆိုပါတယ်။ သူ့ရဲ့ ဖခင် ဘီလီယံနာ သူဌေးကြီး သက်ဆင်ရော၊ အဒေါ်ဖြစ်တဲ့ ယင်လက်ခ် ရှီနာဝပ်ထရာပါ ထိုင်းဝန်ကြီးချုပ်တွေ အသီးသီး ဖြစ်ခဲ့ကြပေမယ့် ထိုင်းစစ်တပ်ရဲ့ ဖယ်ရှား အာဏာသိမ်းမှုကို ခံခဲ့ကြရပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ဆိုတာကလည်း ယင်လက်ခ် အစိုးရ လက်ထက်က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် အကြီးအကဲဟောင်း ဖြစ်ပါတယ်။ ပေတွန်တန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က သူ့ဖခင် စတင်ဦးစီး တည်ထောင်ခဲ့ပြီး မျက်မှောက်ကာလမှာ ပြန်လည် စုစည်းထားတဲ့ ပြူထိုင်းပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အသင့်ဖြစ်နေပြီလို့ ခံစားမိကြောင်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတစ်ခုမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် ပေတွန်တန်က ဆိုပါတယ်။ အဲဒီ နယ်မြေတွေဟာ ရှီနာဝပ်ထရာ မိသားစုကို အင်တိုက်အားတိုက် ထောက်ခံတဲ့ အမာခံ မဲဆန္ဒနယ်တွေလည်း ဖြစ်ပါတယ်။

ပြူထိုင်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ အနိုင်ရချင်ကြောင်း၊ ဒါမှသာ ပြည်သူတွေဆီ ပေးထားဖူးတဲ့ ကတိတွေကို လက်တွေ့ ဖြည့်စွမ်းနိုင်မှာဖြစ်ကြောင်း အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက ဆိုပါတယ်။

ပြူထိုင်းဟာ ထိုင်းက ကျေးလက်ဒေသတွေအပြင် မြို့ပြက အလုပ်သမား လူတန်းစားတွေကြားမှာ အထူးတလည် ရေပန်းစားတဲ့ ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံး ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရအဖြစ် တာဝန်ယူတဲ့ ကာလမှာ ပယာရွတ်က စိတ်ကြိုက် ခြယ်လှယ် ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေကြောင့် ပြူထိုင်းပါတီ အနေနဲ့ အစိုးရ ဖွဲ့စည်းခွင့်တော့ မရခဲ့ပါဘူး။

ပယာရွတ်ရဲ့ အစိုးရဟာ ရှီနာဝပ်ထရာ မိသားစုကို ထောက်ခံသူတွေကို စစ်ဘက်နဲ့ တရားစီရင်ရေး ကဏ္ဍတွေကနေ ရည်ရွယ်ချက်ရှိရှိ စစ်ထုတ် ဖယ်ရှားခဲ့ပါတယ်။

ပေတွန်တန်ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ ပြူထိုင်းပါတီရဲ့ လူထု အင်အားပြ စုဝေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင် လှုပ်ရှားလာတဲ့နောက် ဝန်ကြီးချုပ် ရာထူးကို ရည်မှန်းထားတာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ စတင် ထွက်ပေါ်လာပါတယ်။ လူထုအမြင် စစ်တမ်းတွေ အရလည်း သူဟာ ဝန်ကြီးချုပ် နေရာကို ဆက်ခံဖို့ အလားအလာ အကောင်းဆုံးအဖြစ် သတ်မှတ် ခံနေရပါတယ်။ အခုတော့ ကာယကံရှင် ကိုယ်တိုင်က ရွေးကောက်ပွဲဝင်မယ့် ကိစ္စကို အတည်ပြုလိုက်တာပါ။

လောလောဆယ်မှာတော့ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆင်ရော၊ ယင်လက်ခ်ပါ ထိုင်းစစ်အစိုးရ ကြီးစိုးချိန် ကာလတွေတုန်းက ချမှတ်ထားတဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကို ရှောင်လွှဲဖို့အတွက် ပြည်ပမှာ အခြေချ နေထိုင်နေကြရပါတယ်။