မူဒရစ် ရောင်းရငွေထဲက ယူရို နှစ်ဆယ့်ငါးသန်းကို ယူကရိန်း စစ်တပ်အတွက် လှူမယ့် ရှက်တာဒိုးနက်စ်ခ်

သူတို့ရဲ့ ကစားသမား မစ်ခိုင်လို မူဒရစ်ကို ရောင်းချလို့ ရခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေထဲက ယူရို ၂၅ သန်းလောက်ကို ရှေ့တန်းရောက် စစ်သည်တွေအတွက် ပံ့ပိုး လှူဒါန်းသွားမယ်လို့ ယူကရိန်း ဘောလုံးကလပ် ရှက်တာဒိုးနက်စ်ခ်က အတည်ပြုခဲ့ပါတယ်။

ကလပ်အသင်း ဥက္ကဋ္ဌဖြစ်သူ ရီနတ် အက်ခ်မီတော့ဗ်က ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံ တွန်းလှန်နေတဲ့ စစ်သည်တွေအတွက် တစ်တပ်တစ်အား ပံ့ပိုးကူညီမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ရှက်တာ အသင်းဟာ ယူကရိန်း ဘောလုံးလောကအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ကို အင်္ဂလန် ထိပ်တန်းကလပ် ချဲလ်ဆီးဆီ ယူရို သန်း ၁၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီ ငွေကြေးတွေထဲက ယူရို ၂၅ သန်းကို ‘အဇော့ဗ်စတဲလ်ရဲ့ နှလုံးသား’လို့ နာမည်ပေးထားတဲ့ ပရောဂျက်အတွက် လှူဒါန်းပေးသွားမယ်လို့ အက်ခ်မီတော့ဗ်က ပြောပါတယ်။ အဲဒီ ပရောဂျက်ဟာ မာရူပိုလ်မြို့ကို ကာကွယ်နေသူတွေ၊ ပြီးတော့ ကျဆုံး စစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ထောက်ပံ့ဖို့ ရည်ရွယ် တည်ထောင်ထားတာ ဖြစ်ပါတယ်။

အက်ခ်မီတော့ဗ်က သူ့အနေနဲ့ ယူကရိန်းကို ဘက်ပေါင်းစုံက အစွမ်းရှိသလို ကူညီနေတဲ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ ကမ္ဘာကြီးကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။ နောက်ပြီး ယူကရိန်း ဘောလုံးလောက အနေနဲ့လည်း ယူကရိန်း စစ်တပ်၊ ယူကရိန်း ပြည်သူတွေနဲ့ စွမ်းစွမ်းတမံ အားပေး ကူညီနေတဲ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ တစ်ကမ္ဘာလုံးကို ကျေးဇူးတင်ကြောင်း ပြောခွင့်ရခဲ့ပြီလို့ သူက ဆိုတယ်။

သူက အသင်းရဲ့ အတောက်ပဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မူဒရစ်ကို လက်လွှတ်လိုက်ရတဲ့အတွက် ဝမ်းနည်းဝမ်းသာ ခံစားမိတယ်လို့ ဖွင့်ဟပါတယ်။ သူဟာ ဥရောပအဆင့် ဆုဖလားတွေ အသင်းအတွက် ရယူပေးချင်တဲ့ ဆန္ဒကို ဘယ်တုန်းကမှ ဖုံးကွယ် မထားခဲ့ကြောင်း၊ ဒီအိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ဆိုရင် မူဒရစ်လို ကစားသမားမျိုးတွေကို လိုအပ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ဒါပေမဲ့ မူဒရစ်ကို ရောင်းချလို့ ရရှိခဲ့တဲ့ ငွေတွေနဲ့ ယူကရိန်းရဲ့ သူရဲကောင်းတွေကို ထောက်ပံ့ ကူညီနိုင်တဲ့အပြင် ကစားသမားရဲ့ဘဝ တိုးတက်ရေး လမ်းကြောင်းပေါ် ရောက်သွားတဲ့ အတွက်တော့ ကြည်နူးမိတယ်လို့ သူက ဆက်ပြောပါတယ်။

သူက မူဒရစ်ကို ရောင်းချမှုရဲ့ သဘောတူညီမှု အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ရှက်တာအသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးနဲ့ ခြေစမ်းပွဲတစ်ပွဲ ကစားဖို့ သဘောတူညီမှု ရရှိထားတယ်လို့လည်း အတည်ပြုပါတယ်။ မူဒရစ်ဟာ ချဲလ်ဆီးကို ၈ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ကို အာဆင်နယ် အသင်းကလည်း ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးက ပြောင်းရွှေ့ကြေးရော၊ လုပ်ခလစာပါ ပိုပေးပြီး ကြားဖြတ် ခေါ်ယူသွားနိုင်ခဲ့ပါတယ်။