မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးမှာ မီတာခလာဆောင်သူတွေကို မူးယစ်သောက်စားထားတဲ့ စစ် ကောင်စီ လက်အောက်ခံ ရဲတပ်သားက သေနတ်မောင်းတင်ကာ ပစ်ခတ်မယ်လို့ အော်ဟစ်ဆဲဆိုခြိမ်း ခြောက် ခဲ့သလိုPDF တွေကိုလည်း ဆဲဆိုစိန်ခေါ်တာတွေလုပ်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတချို့က DNA ကိုပြော ပါတယ်။
ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ တနာရီကျော်က မီတာလာရောက်ပေး ဆောင်သူတွေများပြားနေချိန် ရုံးအဝင်မှာ လုံခြုံရေးအစောင့်တာဝန်ကျနေတဲ့ ရဲတပ်သားတဦးက အရက်မူး လွန်ကာ ဆဲဆိုခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“လျှပ်စစ်ရုံးရှေ့မှာ ဆိုင်ကယ်ရပ်လို့ဆိုပြီး နေရာရွှေ့ခိုင်းတယ်၊တကယ်တမ်းက ရုံးရှေ့မှာ ဘာဆိုင်ကယ်မှ ရပ်ထား တာမရှိဘူး၊အဲဒီ ရဲက အရက်အရမ်းမူးနေတော့ မြင်ချင်ရာမြင်နေတာပေါ့၊ နောက်တော့ ဆိုင်ကယ်မရွှေ့ရင် အကုန် လုံးပစ်သတ်မယ်ဆိုပြီး သေနတ်မောင်းချိန်ပြီး ပစ်မယ်လုပ်တာ”လို့ ကိုယ်တွေ့ကြုံခဲ့သူတဦးက ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်ရုံးထဲမှာ မူးယစ်ရမ်းကားနေတဲ့ ရဲတပ်သားက PDF တွေကိုလည်း ဆဲဆိုပြီး စိန်ခေါ်တာ တွေ လုပ်ခဲ့ တယ်လို့ သူကဆက်ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးက မီးသုံးစွဲနေတဲ့ ပြည်သူတွေကို အတင်းအကျပ် ဖိအားပေးပြီး မီတာခတွေ ကောက်ခံနေသလို မီတာမဆောင်ရင် မီးဖြတ်တာ မီတာပုံးတွေဖြုတ်သိမ်းတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ပုသိမ်ကြီးမြို့နယ် လျပ်စစ်ရုံးက အတော်ကိုဆိုးနေတာဗျ။ ဝန်ထမ်းတွေကလည်း ပြည်သူတွေဆီကနေ မီတာခတွေ ပိုပြီးတော့လိမ်တောင်းတယ်၊ သူတို့ဝန်ထမ်းအချင်းချင်း လာဘ်စားတာများလို့ စစ်ကောင်စီက ဝင်ဖမ်းသွား တာတွေလည်း ဖြစ်ခဲ့သေးတယ်”လို့ ပုသိမ်ကြီးမြို့ခံတဦးက ဝေဖန်ပါတယ်။
အဲဒီလို တာဝန်ချိန်မှာ အရက်မူးရူးသောက်စားထားပြီး မီတာလာဆောင်တဲ့ပြည်သူတွေကို အော်ဟစ်ဆဲဆိုကာ သေနတ်နဲ့ပစ်မယ်လို့ခြိမ်းခြောက်တဲ့ ရဲတပ်သားကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်လို့ စစ် ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။