ဘာကီနာဖာဆို နိုင်ငံမှာ အမျိုးသမီး ၆၀ ဝန်းကျင်လောက် အစုလိုက် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
နိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် သူပုန်တွေ ထကြွနေတဲ့ တစ်နေရာမှာ အမျိုးသမီး အများအပြား ပြန်ပေးဆွဲ ခံလိုက်ရတာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဘင်ဒါမြို့နဲ့ ၁၀ ကီလိုမီတာလောက် အကွာမှာ အမျိုးသမီး ၄၀ ဝန်းကျင် ပြန်ပေးဆွဲခံရပြီး နောက်တစ်ရက်မှာလည်း မြို့မြောက်ဖက်မှာ နောက်ထပ် ၂၀ ကျော် ပြန်ပေးထပ်အဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီထဲက အမျိုးသမီး တချို့ဟာ ထွက်ပြေး လွတ်မြောက်လာပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ အသိပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို တောနင်း ရှာဖွေမှုတွေ စတင်နေပါပြီ။ သူတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတာက အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အင်အားစုတွေလို့ ယုံကြည်ရပါတယ်။
ကုန်းပိတ်နိုင်ငံငယ် တစ်ခုဖြစ်တဲ့ ဘာကီနာဖာဆိုဟာ အနောက်အာဖရိက ဒေသမှာသာ မကဘဲ ကမ္ဘာပေါ်မှာပါ အဆင်းရဲဆုံးနဲ့ မငြိမ်းချမ်းဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ကစလို့ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင် စစ်သွေးကြွတွေက အစိုးရကို ဆန့်ကျင်လာကြပါတယ်။ အဲဒီနောက်ပိုင်း ပဋိပက္ခတွေအတွင်း ပြည်သူ သောင်းနဲ့ချီ သေဆုံးခဲ့သလို ၂ သန်းလောက်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
နောက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်အတွင်း ဘာကီနာဖာဆိုဟာ စစ်တပ်ရဲ့ နှစ်ကြိမ်ဆင့် အာဏာသိမ်းမှုတွေနဲ့ပါ ကြုံခဲ့တဲ့အတွက် အခြေအနေတွေ ပိုယိမ်းယိုင်သွားပြီး စစ်သွေးကြွတွေ ပိုမို သောင်းကျန်းလာခဲ့ပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ပထမဆုံး အမျိုးသမီး အဖွဲ့ဟာ စားစရာ မရှိတာကြောင့် လူစုပြီး တောထဲမှာ အသီးတွေ သွားခူးရင်း အဖမ်းခံခဲ့ရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ နောက်တစ်ဖွဲ့တော့ အခင်းဖြစ်တဲ့ နေရာနဲ့ ၈ ကီလိုမီတာလောက် အကွာမှာ ထပ်အဖမ်းခံခဲ့ရတာပါ။ နှစ်ဖွဲ့စလုံးက အမျိုးသမီး အနည်းအကျဉ်း လွတ်မြောက်လာပြီး ရွာခံတွေဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဘာကီနာဖာဆို မြောက်ပိုင်းက အာဘင်ဒါမြို့ တဝိုက်မှာ စစ်သွေးကြွ အဖွဲ့တွေ ဖြန့်ကျက် လှုပ်ရှားနေပြီး ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရပါတယ်။ စစ်သွေးကြွတွေဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေလည်း ကျူးလွန်လေ့ ရှိပါတယ်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းက ယာဉ်တန်းတစ်ခုကို စစ်သွေးကြွတွေက ကြားဖြတ် တိုက်ခိုက်ရာက အရပ်သား ၆၅ ဦး အပါအဝင် လူပေါင်း ၈၀ သေဆုံးခဲ့ဖူးပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာ ပြတ်တောက်မှုတွေကြောင့် မြို့ကို စွန့်ခွာ ထွက်ပြေးသူတွေ အရမ်းများပြားလာပြီး အာဘင်ဒါရဲ့ လူဦးရေက သိသိသာသာ လျော့ပါး ကျဆင်းလာနေတယ်လို့ သိရပါတယ်။