စစ်ကိုင်းတိုင်းအထက်ပိုင်း၊အင်းတော်မြို့မှာ ဇန်န ဝါရီ (၁၂)ရက် မနက် ဆယ်နာရီဝန်းကျင်မှာ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်လို့ ပဲခင်းထဲပေါင်းထိုးနေတဲ့ လင်မယားနှစ်ဦးကိုထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
” အင်းပတ်သွားတဲ့လမ်းဘက်ကနေရမ်းပစ်တာ၊ ယောက်ျားကိုက ပေါင်ကိုမှန်တာ၊သွေးထွက်လွန်ပြီးဆုံးတာပေါ့” လို့ Indaw Revolution အဖွဲ့ဝင်တဦးကပြောပါတယ်။
လင်မယားနှစ်ယောက်ကျည်ထိမှန်တဲ့အချိန် အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတာမရှိဘဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းပတ်လမ်းကနေ ရွာဘက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်လို့ လင်မယားနှစ်ဦးလုံးကိုထိမှန်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မူကြောင့် သေဆုံးသူဟာ အသက်လေးဆယ်ဝန်းကျင်ရှိကိုဝင်းနိုင်ဆိုသူဖြစ်ပြီး သေဆုံးချိန်မှာ သားသမီးသုံးဦးကျန်ရစ်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို ဇန်နဝါရီ (၁၂)ရက် နေ့လယ် တနာရီမှာ စစ်ကောင်စီက မိသားစုဝင်တွေကိုခေါ်ပြီး အင်းတော် မီးသင်္ဂြိုလ်စက်မှာ သင်္ဂြိုလ်လိုက်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။အ မျိုးသမီးဖြစ်သူကတော့ ဆေးကုသမှုခံယူနေရပြီး မစိုးရိမ်ရဘူးလို့ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း အင်းတော်မှာစစ်ကောင်စီက ရမ်းသန်းပစ်ခတ်မှုတွေ မကြာမကြာပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားဖို့လိုတယ်လို့ ဒေသခံတဦးကပြောပါတယ်။