ဂျပန်မှာ အမေရိကန်ရဲ့ ပိုမိုအစွမ်းထက်တဲ့ မရိန်းတပ်ဖွဲ့တွေ ဖြန့်ကျက်သွားဖို့ သဘောတူ

ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု အသစ်တွေအရ ဂျပန်နိုင်ငံမှာ အမေရိကန်က ပိုမို အစွမ်းထက်တဲ့ မရိန်း တပ်ဖွဲ့တွေ ဖြန့်ကျက် ထားရှိသွားမယ်လို့ သိရပါတယ်။

ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဂျပန်နဲ့ အမေရိကန် မဟာမိတ် နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အဆင့်မြှင့်ဖို့ အခု သီတင်းပတ်မှာ တရားဝင် သဘောတူညီမှု ရရှိခဲ့ပါတယ်။

အဲဒီ သဘောတူညီမှုတွေထဲမှာတော့ ဂျပန်ကို ကူညီကာကွယ်ဖို့ အခြေစိုက် ဖြန့်ကျက်ထားတဲ့ မရိန်းတပ်တွေရဲ့ စွမ်းဆောင်ရည်ကို လက်ရှိထက် သိသိသာသာ မြှင့်တင်ဖို့ ဆိုတာက အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။ အသစ်တိုးမြှင့်မယ့် မရိန်း တပ်ဖွဲ့တွေဟာ ပိုမိုကောင်းမွန်တဲ့ ထောက်လှမ်းရေးနဲ့ ကင်းထောက်မှု စနစ်တွေ တပ်ဆင်ထားမှာဖြစ်ပြီး လိုအပ်လာရင် သင်္ဘောဖျက် ဒုံးကျည်တွေကိုပါ ထိန်းချုပ် ပစ်ခတ်နိုင်မယ်လို့ အမေရိကန် စစ်ဘက် အရာရှိ နှစ်ဦးက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ် အော်စတင်က ဂျပန်မှာ လက်နက်တပ်ဆင်မှု ပိုမိုအဆင့်မြင့် ပြည့်စုံတဲ့ မရိန်းတပ်ဖွဲ့နဲ့ ပူးတွဲ လက်နက်ကြီးတပ်တို့ ပြောင်းရွှေ့ အခြေစိုက်မယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

ဒါဟာ တရုတ်ကို သတိကြီးကြီးထားဖို့ အချက်ပြလိုက်တဲ့ ခြေလှမ်းတစ်ခုလို့ ယူဆနိုင်သလို အမေရိကန်နဲ့ ဂျပန်တို့ကြား အခုနှစ်ပိုင်းတွေအတွင်း စစ်ရေးနဲ့ ထောက်လှမ်းရေး ကဏ္ဍတွေ ပူးပေါင်းလုပ်ဆောင်မှု မြန်မြန်ဆန်ဆန် အရှိန်မြင့်လာတာကို ထင်ဟပ်စေပါတယ်။

အဆင့်မြှင့် ဖွဲ့စည်းမယ့် အမေရိကန် မရိန်းတပ်တွေဟာ အိုကီနာဝါမှာ အခြေစိုက်ပြီး ဂျပန်နိုင်ငံအပေါ် ပြည်ပ ကျူးကျော် တိုက်ခိုက်မှု တစ်ခုခု ကြုံလာတာနဲ့ ချက်ချင်း တုံ့ပြန် ကာကွယ်နိုင်မယ့် အမြဲတမ်း တပ်တစ်ခုအဖြစ် ရပ်တည်နေမှာပါ။ အိုကီနာဝါဟာ ပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ အဓိက စစ်ဆင်ရေး ဗဟိုချက် တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး တရုတ်က သိမ်းယူဖို့ မျက်စောင်းထိုးနေတဲ့ ထိုင်ဝမ်ကိုလည်း လက်လှမ်းမီတဲ့ အခြေအနေ ရှိပါတယ်။ အိုကီနာဝါက အခြေစိုက် စခန်းမှာ အမေရိကန် စစ်သည် ၂၅၀၀၀ လောက် ဖြန့်ကျက်ထားပါတယ်။

ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု အသစ်အရ အဲဒီနှစ်နိုင်ငံဟာ အာကာသထဲကနေ တိုက်ခိုက်နိုင်မှု စွမ်းရည်ကို ပူးပေါင်း မြှင့်တင်သွားမယ်လို့လည်း သိရပါတယ်။ ဒါဟာ တရုတ်ရဲ့ အာကာသ စူးစမ်းလေ့လာမှု သိပ္ပံပညာနောက် တစိုက်မတ်မတ် လိုက်ပါနေမှုကို တုံ့ပြန်တဲ့ ခြေလှမ်း တစ်ခုလို့လည်း လေ့လာသူတွေက သုံးသပ် ပြောဆိုခဲ့ကြပါတယ်။