အရာရှိအတွက် မနက်စာထွက်ယူတဲ့ စစ်ကောင်စီတပ်သား လေးဦးမိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ထဲက လယ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းက သံချပ်ကာကွယ်ရေးဌာနချုပ် ၇၂ တပ် (ဒေသအခေါ် ခြေတော်ရာတပ်တွင်း)က စစ်ကောင်စီတပ်သား ၄ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတယ်လို့  Zero ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“အရာရှိတွေစားဖို့အတွက် ရံဖန်ရံခါမနက်ခင်းကို စစ်ကိုင်းမုံရွာလမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်တွေကိုလှမ်းလှမ်းပြီးတော့ဝယ်လေ့ရှိတာပေါ့။အဲ့ဒါကို ကျွန်တော်တို့က သတင်းသိထားတော့ အဲ့ဒါကိုစောင့်ဆိုင်းတာပေါ့။၅ရက်မြောက်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်အပြည့်အစုံနဲ့ လာတယ်။သူတို့လာတယ်ဆိုတာ သတင်းရတော့ အပြင်းစားမိုင်းသုံးလုံးနဲ့ လမ်းပေါ်မှာချပြီး ထိထိမိမိနဲ့ ကျွန်တော်တို့က ကြိုးဆွဲနဲ့ ခွဲလိုက်တာပါ”လို့ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုသက်ကြီးက DNA ကိုပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ဆိုင်ကယ် ၂စီးအနက် တစီးပေါ်မှာလိုက်လာတဲ့စစ်သား ၂ဦးကတော့ နေရာမှာတင်သေဆုံးသွားသလို ကျန်တဲ့ဆိုင်ကယ်တစီးပေါ်မှာလိုက်လာသူ နှစ်ဦးမှာ တဦးဒဏ်ရာရခဲ့တယ်လို့ ဆက်သိရပါတယ်။

တိုက်ခိုက်မှူအပြီးမှာ စစ်ကောင်စီတပ်သားတဦးက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်ဖွဲ့နဲ့သူရဲနီ UGအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

သေဆုံးစစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကိုတော့ သံချပ်ကာကွပ်ကဲရေးဌာနချုပ် (၇၂) တပ်က လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အလောင်းတွေကတော့ ဖြစ်ပြီးပြီးခြင်း ချက်ချင်းလာသယ်သွားတယ်’’ လို့ ဖြစ်စဉ်ကို သိရှိတဲ့  နတ်ခရိုင်ရွာ ဒေသခံတဦးကပြောပါတယ်။

အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့  ဒေသတွင်း  စစ်ဆေးမှုတစုံတရာလုပ်ဆောင်တာမရှိသေးဘူးလို့ လည်း ဒေသခံတွေကဆိုပါတယ်။