ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီထောင်ဒဏ်တွေချ

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ ဘိုကလေးမြို့အနီးမှာ စက်လှေသောင်တင်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တွေအသီးသီးချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

ရိုဟင်ဂျာ ၁၁၂ ယောက် အနက် အသက် ၁၃ နှစ်အောက် ကလေး ၅ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ ၊ အသက် ၁၃ နှစ်အထက် ကလေး ၇ ယောက်ကို ထောင်ဒဏ် ၃ နှစ်စီ ၊ အမျိုးသား ၅၃ ယောက် နဲ့ အမျိုးသမီး ၄၇ ယောက်ကို ၅ နှစ်စီ မှတ်ပုံတင် အက် ဥပဒေ ပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ် လို့ဆိုပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက အသက် ၁၈နှစ်အောက်လူငယ်တွေကိုတော့ ရန်ကုန်တိုင်း တွံ့တေး မြို့နယ် မှာရှိတဲ့  ငှက်အော်စမ်း လူငယ် ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်လိုက်ပြီး ၁၈နှစ်အထက်တွေကိုတော့ ဖျာပုံအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ဆက်သိရပါတယ်။

“စက်လှေပျက်လို့ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေ က ထောင်ဒဏ် ကျခံရမယ့် နှစ်တွေ မတူသလို ကျခံရမယ့် ထောင်က လည်းမတူကြပါဘူး” လို့ တရားလွှတ်တော် ရှေ့နေတစ်ဦး က DNA  ကို ပြောပါတယ်။

ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံရတဲ့  ၁၁၂ ယောက်ဟာ မလေးရျား နိုင်ငံ မှာ အလုပ်လုပ်ဖို့ ရခိုင်ပြည်နယ် က ထွက်လာတာမှာ စီးလာတဲ့ စက်လှေ က သောင်တင်ကာ ဝမ်းဗိုက်ပေါက်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့ က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် နေ့ မှာလည်း ဘိုကလေးမြို့နယ် ၊ အမာမြို့နယ်ခွဲ ကတုံးလေး ကျွန်းအနီးမှာ စက်လှေ  ပျက်ပြီး မျောပါလာလို့ အဖမ်းခံခဲ့ရတဲ့ ရခုင်ပြည်နယ်ဘက်က ရိုဟင်ဂျာ ၃၅ ယောက်ကို နိုဝင်ဘာ ၁၅ ရက်နေ့ က ထောင် ဒဏ် ၅ နှစ်စီ အမိန့်ချ ခဲ့သေးတယ်လို့ သိရပါတယ်။