အမေရိကန်က ၉ နှစ်အရွယ် ကလေးမလေး တဦးဟာ ကမ္ဘာဦးခေတ် ဧရာမ ငါးမန်းကြီး တစ်ကောင်ရဲ့ သွားတချောင်းကို ရှာတွေ့ခဲ့ပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဝါသနာအလျောက် ရှာဖွေနေသူတွေအတွက် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်တယ် ဆိုတာကို မော်လီဆမ်ဆွန်က သက်သေ ထူပြလိုက်သလိုပါပဲ။ သူဟာ မေရီလန်းမှာရှိတဲ့ ကယ်လ်ဗက် ကမ်းခြေမှာ ခရစ္စမတ်နေ့က လမ်းလျှောက်နေရင်း သူ့အမေကို မက်ဂါလိုဒွန် ရုပ်ကြွင်း ရှာကြည့်မယ်လို့ လှမ်းပြောခဲ့ပါသေးတယ်။ မော်လီ ရည်ညွှန်းခဲ့တာက အခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဧရာမ ငါးမန်းမျိုးစိတ် ဖြစ်ပါတယ်။
မော်လီဟာ ဒူးလောက်ထိ နက်တဲ့ ရေထဲမှာ လျှောက်သွားရင်း အမည်းရောင် အပိုင်းအစ တစ်ခုကို သတိထားမိသွားပါတယ်။ သူက အဲဒီအရာကို မက်ဂါလိုဒွန် တစ်ကောင်ရဲ့ သွားကြီး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ သူ့အမေက မယုံခဲ့ပေမယ့် သမီးရဲ့ ဆန္ဒအတိုင်း ကျွမ်းကျင်သူတွေဆီ စစ်ဆေးနိုင်အောင် ပို့ပေးခဲ့ပါတယ်။
အခုတော့ မော်လီရဲ့ မှန်းဆချက်က အမှန်တကယ် ဖြစ်လာပါပြီ။ ဒေသတွင်းမှာရှိတဲ့ အဏ္ဏဝါပြတိုက် တစ်ခုရဲ့ တာဝန်ရှိသူတွေက ကလေးမလေးဟာ တသက်မှာ တခါလောက် ကြုံရနိုင်တဲ့ အံ့ဩစရာ ရှာဖွေ တွေ့ရှိမှုကြီးနဲ့ ကြုံခဲ့တာ ဖြစ်တယ်လို့ ချီးကျူးပါတယ်။
မက်ဂါလိုဒွန် ဆိုတာဟာ လက်တင် ဘာသာစကားအရ ‘သွားကြီး’လို့ အဓိပ္ပါယ်ရပါတယ်။ မျက်မှောက်ခေတ် ငါးမန်းဖြူတွေထက် သုံးဆကျော် လေးဆလောက် ကြီးမားပြီး ၆၆ ပေလောက်ထိ အလျားရှည်တဲ့ မက်ဂါလိုဒွန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၅ သန်းလောက်ထိ ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာတွေမှာ ကြီးစိုး ကျက်စားခဲ့တယ်လို့ ယူဆရပါတယ်။
ငါးမန်းတွေရဲ့ အရိုးငြမ်းဟာ အရိုးနုတွေနဲ့ အဓိက ဖွဲ့စည်းထားလေ့ ရှိတာကြောင့် ဒီနေ့ခေတ်မှာ မက်ဂါလိုဒွန် အရိုးစုတွေကို ရှာမတွေ့တော့ဘဲ အရိုးမာဖြစ်တဲ့ သွားတွေကိုသာ ရံဖန်ရံခါ တွေ့ရှိလာရတာ ဖြစ်ပါတယ်။ မော်လီ ရှာတွေ့ခဲ့တဲ့ သွားက ၅ လက်မရှည်ပြီး သူ့လက်ဖဝါးလေး တခုလုံးမှာ ပြည့်နေပါတယ်။
မိခင်ဖြစ်သူ အလီရှာ ဆမ်ဆွန်က သမီးနှစ်ဦးဖြစ်တဲ့ မော်လီနဲ့ နာတာလီတို့ဟာ တကယ့် ပရော်ဖက်ရှင်နယ်ကြီးတွေလို ကမ်းခြေမှာ ငါးမန်းသွား ရုပ်ကြွင်းတွေ လိုက်ရှာကြရင်း ဒီသွားကြီးကို မတော်တဆ တွေ့ရှိခဲ့တာလို့ Facebookမှာ ရေးသားထားခဲ့ပါတယ်။
သူတို့မိသားစုဟာ သွားကြီးကို ကဲလ်ဗက် အဏ္ဏဝါပြတိုက်ဆီ ယူသွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် မက်ဂါလိုဒွန် တစ်ကောင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဆိုတာ အတည်ပြုနိုင်ခဲ့တာပါ။ ပြတိုက်က မော်လီကို အနာဂတ် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်လေးလို့ ချီးကျူးခဲ့ပါတယ်။ ဒီလို မက်ဂါလိုဒွန် သွားမျိုးကို ကဲလ်ဗက် တဝိုက်မှာ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မယ်လို့ လူတွေက ထင်ရင်တော့ အမှားကြီး မှားလိမ့်မယ်လို့ ပြတိုက်ရဲ့ ရှေးဟောင်း ရေနေသက်ရှိများ ပြခန်း အကြီးအကဲ စတီဖန် ဂေါ့ဖရေးက ပြောကြားသွားပါတယ်။