ဆားကျင်းတွေ တည်ရှိရာ ယူကရိန်း မြို့တစ်မြို့ဟာ ရုရှားလက်ထဲ ကျရောက်ဖို့ သေချာသလောက် ရှိနေကြောင်း သိရှိရပါတယ်။
ဒွန်းညက်စ် ပြည်နယ် အရှေ့ဖျားက ဆိုလီဒါ မြို့ဟာ စစ်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့တဲ့နောက် အခုအခါ ရုရှားတပ်တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပြီလို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
ရုရှားတပ်တွေနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ခါးပိုက်ဆောင်တပ်အဖြစ် နာမည်ကြီးတဲ့ Wagner ကြေးစားတပ်တွေဟာ ပြီးခဲ့တဲ့ ၄ ရက်တာအတွင်း ဆိုလီဒါ မြို့ထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြောင်း ဗြိတိန် စစ်ထောက်လှမ်းရေးတွေက ပြောပါတယ်။
ဆိုလီဒါဟာ လောလောဆယ် ရုရှားနဲ့ ယူကရိန်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတဲ့ ဘက်ခ်မွတ်မြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဆိုလီဒါဟာ သက်မဲ့မြို့ကြီး တစ်ခုဖြစ်နေပြီး ရန်သူတွေကို တားဆီးဖို့ နံရံတံတိုင်းတွေလည်း မကျန်တော့ဘူးလို့ ဝန်ခံထားပါတယ်။
ဆိုလီဒါဟာ စစ်ပွဲ မတိုင်ခင်တုန်းက လူပေါင်း တစ်သောင်းကျော် နေထိုင်တဲ့ မြို့တစ်မြို့ပါ။ စစ်ပွဲမှာတော့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မွတ်မြို့ကို ထိုးစစ်ဆင်ရာမှာ ခရီးတစ်ထောက်နားတဲ့ နေရာလို့ သတ်မှတ်နိုင်ပေမယ့် တကယ်တမ်း မဟာဗျူဟာအရ အရေးပါသလား ဆိုတာကတော့ မေးခွန်းထုတ်စရာ အနေအထားမျိုး ဖြစ်ပါတယ်။
မဟာဗျူဟာအရ အရေးမပါပေမယ့် Wagner ကြေးစားတပ်ကို ထူထောင်သူ ယက်ဗ်ဂျီနီ ပရစ်ဂေါ့ဇင်က အဲဒီမြို့မှာရှိတဲ့ ဆားကျင်းတွေနဲ့ ဂျစ်ပဆမ်သတ္တု မိုင်းတွင်းတွေကို သိမ်းပိုက်လိုတာကြောင့် ဆိုလီဒါကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ အပတ်မှာ မှတ်ချက် ပေးခဲ့ပါတယ်။ ပရစ်ဂေါ့ဇင် ကိုယ်တိုင်ကလည်း အဲဒီ မိုင်းတွင်းတွေကို စိတ်ဝင်စားကြောင်း အတိအလင်း ဝန်ခံခဲ့ဖူးပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်း စစ်မြေပြင်မှာ အရှုံးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး ထိန်းချုပ် နယ်မြေတွေ အများအပြားကို ပြန်လည် လက်လွှတ်နေရတဲ့ အနေအထားကနေ ဆိုလီဒါမှာ ရှားရှားပါးပါး အသာစီး ရလာတာလည်း ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ Wagnerတွေဟာ ဆိုလီဒါကို ရအောင် သိမ်းနိုင်ခဲ့တဲ့အပြင် ဘက်ခ်မွတ်မှာလည်း ယူကရိန်း တပ်တွေကို အကျပ်တွေ့နေစေတာကြောင့် ရုရှားရဲ့ စစ်ရေးအရ စွမ်းဆောင်ရည်မြင့်တဲ့ တစ်ခုတည်းသော လက်ကျန် အင်အားစုအဖြစ် ရှုမြင်လို့ ရလာကြောင်း သုံးသပ် ပြောဆိုထားကြပါတယ်။