တမူး၊မလူရွာတိုက်ပွဲမှာပျူခေါင်းဆောင်နှစ်ဦး သေဆုံးပြီးနောက် ရွာခံ NLD ပါတီဝင်တွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊မလူကျေးရွာမှာ ရွာခံ ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ကာ ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ 

အဲ့ဒီလို တိုက်ပွဲ ဖြစ်ကာ ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD ပါတီတာဝန်ခံဟောင်း ကိုတင့်ကိုနေအိမ်ကနေ ခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ရွာခံ NLD ပါတီ ဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

“ရွာထဲမှာတော့ ကမ္ဘာပျက်သလိုပဲ၊ သူတို့ဘက်က‌ ပျူတွေသေတယ်ဆိုတော့ ပြန်လက်စားချေမယ်ဆိုပီး မင်းသမီးရွာကပျူတွေကိုပါခေါ်လာတာ၊ အကုန်ထွက်ပြေးရတာ၊ ကိုတင့်ကိုလည်း သူတို့ပဲသတ်ပစ်လိုက်ကြတာ၊ တခြားNLDကလူတွေ မိသားစုလိုက်ကိုထွက်ပြေးကြရတာ”လို့ ဒေသခံတဦးကပြောပါတယ်။

မလူရွာကပျူစောထီးတွေနဲ့ တမူး PDF တပ်ရင်း (၃)တို့ဟာ ဇန်နဝါရီ(၉)ရက်မနေ့က နေ့လယ်ပိုင်းမှာ အဲ့ဒီရွာမှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီပစ်ခတ်မှုအတွင်း မလူရွာက ပျူခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဝင်းအောင်နဲ့ ချစ်ဝိုင်းတို့ သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေကပြောပါတယ်။

အဲ့ဒီနောက်တိုက်ပွဲအပြီး PDFတပ်ဖွဲ့ဝင်တွပြန်လည်ဆုတ်ခွာသွားချိန်မှာ မလူကျေးရွာခံ လက်နက်ကိုင်ပျူစောထီးတွေက ရွာခံ NLD ပါတီခေါင်းတောင်ဟောင်းကို နေအိမ်ကနေ ဖမ်းဆီးကာသတ်ဖြတ်ခဲ့သလို တခြား NLD ပါတီဝင်တွေကိုလည်း လိုက်လံ ဖမ်းဆီးနေတာကြောင့် ရွာခံ တရာဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တမူးမြို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ် ရှားမှုအားကောင်းသလို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေလည်း စုဖွဲ့လှုပ်ရှားမှုအားကောင်းတဲ့ ဒေသဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

 တမူး-ကလေး လမ်းမကြီးအနီးမှာရှိတဲ့ မလူရွာကတော့ ပျူစောထီး အဖွဲ့ဝင်အင်အားအများအပြားရှိတဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။