ဟားခါးမြို့မှာ နေအိမ်သုံးလုံးမီးလောင်

ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်မှာ ဇန်နဝါရီ၁၀ ရက် မနက်တနာရီကျော်ကမီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်သုံးလုံးပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လျှပ်စစ်မီးရှော့ဖြစ်လောင်တာလို့ပြောတယ်၊ လောင်တာကတော်တော်မြန်တယ်” လို့ မြို့ခံတဦး ကပြောပါတယ်။

မီးကသုံးအိမ်မြောက်ကိုကူးစက်လောင်ကျွမ်းချိန်မှ မီးသတ်ကားရောက်ရှိလာပြီး လာရောက်ငြှိမ်းသတ်သွားတယ်လို့ဆိုပါတယ်။

မီးလောင်သွားတဲ့နေအိမ်သုံးလုံးဟာ သစ်သား နဲ့ သွပ်ရောဆောက်ထားတဲ့အိမ်တွေဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရာသီဥတုအေးတဲ့ ချင်းတောင်ပေါ်မှာသစ်သားတိုင်၊သစ်သားတန်းနဲ့သွပ်အကာအိမ်တွေကို ဆောက်လေ့ရှိကြပါတယ်။

ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ဟာ အစိုးရရုံးတွေ စုပေါင်းတည်ရှိတဲ့ရပ်ကွက်ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဟားခါးမြို့ဟာရာသီဥတုအေးတဲ့တောင်ပေါ်ဒေသဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ကလည်း မီးလောင်မှုတွေ မကြာမကြာဖြစ်ခဲ့ပြီး အစိုးရဌာနဆိုင်ရာရုံးတွေနဲ့ ပြည်ခိုင်ဖြိုးပါတီပြည်နယ်ရုံးတွေ မီးသင့်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းဟားခါးမြို့က လ.ဝ.က ရုံး၊ စုပေါင်းရုံး၊ ဆောက်လုပ်ရေးရုံး၊ ပြည်ခိုင်ဖြိုး ပါတီရုံး တွေအပြင် မီးသတ်ရုံးထဲရပ်ထားတဲ့ မီးသတ်ကား နှစ်စီးပါမီးလောင်ခဲ့ပြီးမီးလောင်ရတဲ့အကြောင်းအရင်းကို ဒီကနေ့အထိ မသိရပါဘူး။