ဘရာဇီး သမ္မတဟောင်း ဂျဲဘိုလ်ဆွန်နာရိုဟာ အမေရိကန်မှာ ဆေးရုံတက်နေရကြောင်း ဇနီးဖြစ်သူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ မြို့တော် ဘရာစေလီယာမှာ ဘိုလ်ဆွန်နာရိုကို ထောက်ခံတဲ့ လက်ယာစွန်း အင်အားစုတွေက လွှတ်တော်ကို စီးနင်းပြီး တရားရုံးချုပ်နဲ့ သမ္မတ အိမ်တော်ကို ဝန်းခံခဲ့တဲ့ အကျည်းတန် ဖြစ်ရပ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘိုလ်ဆွန်နာရိုတစ်ယောက် ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိတ်ခေါ်မှုအရ ဖလော်ရီဒါကို ရောက်ရှိနေပါတယ်။ ဇန်နဝါရီ ၉ ရက်တုန်းကတော့ သူဟာ ဝမ်းဗိုက် နာကျင်လာတာကြောင့် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က ဆေးရုံ တစ်ခုကို တက်ရောက်နေတယ်လို့ ဇနီးဖြစ်သူ မစ်ချဲလ် ဘိုလ်ဆွန်နာရိုက ပြောပါတယ်။
ဘိုလ်ဆွန်နာရိုဟာ ၂၀၁၈ တုန်းက ဓားထိုးတိုက်ခိုက်မှုတစ်ခု ခံခဲ့ရဖူးပြီး အဲဒီကတည်းက ရံဖန်ရံခါ ဝမ်းဗိုက်နာကျင်မှု ဝေဒနာ ခံစားရတတ်တယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။ တခြား မိသားစုဝင် တစ်ဦးကတော့ ဘိုလ်ဆွန်နာရို ဆေးရုံတက်ရတဲ့ အခြေအနေက စိုးရိမ်စရာ မရှိဘူးလို့ Reuters သတင်းဌာနကို ပြောပါတယ်။
ဘိုလ်ဆွန်နာရိုဟာ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်က အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ သမ္မတသစ် လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားဆီ အာဏာ လွှဲပြောင်းပေးရမယ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ ငြင်းဆန်ပြီး ဖလော်ရီဒါကို ထွက်ခွာလာခဲ့တာပါ။
ဇန်နဝါရီ ၈ ရက်က ဘရာဇီး လွှတ်တော် စီးနင်းခံရတဲ့ ဖြစ်စဉ်ကို ဘိုလ်ဆွန်နာရိုက ရှုတ်ချခဲ့ပြီး ဒီကိစ္စဟာ သူနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ သူ့အပေါ် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်နေသလို အမေရိကန်မှာလည်း သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘိုလ်ဆွန်နာရိုကို ပြည်တွင်းကနေ နှင်ထုတ်ဖို့ ဖိအားပေး တောင်းဆို ခံနေရပါတယ်။
ဘိုလ်ဆွန်နာရိုဟာ ၂၀၁၈ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေတဲ့ အချိန် မီနက်စ် ပြည်နယ်မှာ ဓားထိုး ခံခဲ့ရတာပါ။ အဲဒီနှစ် ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ပေမယ့် နောက်ထပ် ၄ နှစ်အကြာမှာတော့ လက်ရှိ သမ္မတ လူလာကို မဲအနည်းငယ်နဲ့ ကပ်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။