ပြည်ခိုင်ဖြိုး ပါတီက ပရဟိတအသင်းတွေကို ခေါ်တွေ့ပြီး ရွေးကောက်ပွဲမှာ ကူညီပေးဖို့ပြော

စစ်ကောင်စီက အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပြင်နေတဲ့ စစ်တပ်ကျော ထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်က ပရဟိတအသင်းတွေကို ခေါ်တွေ့ပြီး ရွေးကောက် ပွဲမှာ ကူညီပေးဖို့ ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ခဲ့သူတချို့က DNA ကိုပြောပါတယ်။

“ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပါတီနဲ့ အတူ‌ ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဖိတ်တာပါ၊အစည်းအဝေးမှာ ရွေးကောက်ပွဲကိစ္စတွေ ပါလာတာ၊ အခုချိန်က ခေါ်ရင်သွား သူတို့ပြောတာနားထောင်နေရ တဲ့အချိန်ဆိုတော့ ဘာပဲပြောပြောလက်ခံခဲ့ရတာပေါ့”လို့ အဲ့ဒီတွေ့ဆုံပွဲကို တက်ခဲ့တဲ့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့က တာဝန်ရှိ သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့က ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်မှာ ဇန်နဝါရီ (၂၈)ရက်က အဲ့ဒီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် ပါတီဥက္ကဌဖြစ်လာတဲ့ ဦးခင်ရီကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ ပြည်ခိုင် ဖြိုးပါတီက သတင်းထုတ် ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်းက လူမှုကူညီရေး အသင်းအဖွဲ့ (၂၉)ဖွဲ့တက်ခဲ့ပြီး ပါတီ ဥက္ကဌ ဦးခင်ရီက ပါတီရဲ့ မူဝါဒလမ်းစဉ်နဲ့ နိုင်ငံရဲ့ လက်ရှိဖြစ်ရပ်မှန်အခြေအနေတွေကို ထပ်ဆင့် ပြောကြားနိုင်ဖို့ ရှင်းလင်းပြောဆိုခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ လူမှုကူညီရေး အဖွဲ့တွေထဲက မြောက်ဥက္ကလာနဲ့ ရွှေပြည်သာ အခြေစိုက် ပရဟိအ သင်းတချို့ကတော့ အဲ့ဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲမဲစာရင်းပြုစုဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ ကောက်ယူရာမှာ လူမှုကူညီရေး အဖွဲ့တွေကလည်း ပါဝင်ကူညီပေးဖို့ ဦးခင်ရီက ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“(ရွေးကောက်ပွဲလုပ်ငန်းတွေ)အစအဆုံးခိုင်းမယ့်သဘောရှိတယ်မလုပ်ပေးရင်အကြောင်းအမျိုးမျိုးရှာပြီး နှောက်ယှက်လိမ့်မယ်”လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သပိတ်တိုက်ပွဲတွေ အားကောင်းချိန်ကတည်းက စစ်အုပ်စုဟာ လူမှုကူညီရေး အသင်း အဖွဲ့တွေနဲ့ ပရဟိသမားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာ၊ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့သလို နောက်ပိုင်း မှာ အသင်းအဖွဲ့ ဥပဒေတွေကို ပိုပြီး တင်းကျပ်တဲ့ ဥပဒေအဖြစ် ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။

အခုစစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲ နီးလာချိန်မှာတော့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း တွေမှာ လူမှုကူညီရေး အဖွဲ့အစည်းတွေကိုပါ အသုံးချဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက တွန်းအားပေးတာတွေ ရှိနေသလို ပြည်ခိုင်ဖြိုး ပါတီကပါအခုလို ခေါ်ယူစည်းရုံး ဖိအားပေး တာမျိုး လုပ်လာတာပါ။

စစ်ကောင်စီအရာရှိနဲ့ထွေအုပ်အရာရှိတွေက မြို့ နယ်ရပ်ကွက်အလိုက်ပရဟိတအသင်းတွေနဲ့တွေ့ဆုံပြီး  မဲစာရင်းပြုစုဖို့အတွက် သင်တန်းတက်ကြဖို့ ပြောဆိုထားတာတွေရှိနေတယ်လို့ ပရဟိတအဖွဲ့အစည်းတာဝန်ရှိသူတွေကိုကိုးကားပြီး BBC သတင်း ဌာနကလည်း ရေးသားဖော်ပြထားပါတယ်။

“သူတို့နဲ့မပူးပေါင်းရင် အသင်းမှတ်ပုံတင်ရှိတဲ့သူဆို ပြစ်ချက်ရှာမယ်၊မှတ်ပုံတင်မရှိတဲ့အသင်းဆို သိမ်းဆည်း ပိတ်သိမ်းတာတွေလုပ်နိုင်တယ်၊ပရဟိတအသင်းအများစု မော်တော်ယာဉ်တွေက လိုင်စင်မဲ့ ယာဉ်တွေများတယ်” လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့် ကွက်တဲ့ ပရဟိတအဖွဲ့ဝင်တွေကို ဖမ်းဆီး ထောင်ချတာတွေရှိခဲ့သလို အသင်းတချို့ကို အပြီးတိုင်ပိတ်သိမ်းတာ၊ လူနာတင်ယာဉ်၊နာရေးယာဉ်နဲ့ ကယ် ဆယ်ရေးပစ္စည်းတွေကိုသိမ်းဆည်းတာတွေလုပ်ခဲ့တယ်လို့ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။

NLD ပါတီ ခေါင်းဆောင်တွေကို စစ်အုပ်စုက ဖမ်းဆီးထောင်ချထားသလို အချိုးကျ ကိုယ်စားပြု စနစ်နဲ့လုပ်မယ်လို့တဖက်သတ်ပြင်ဆင်သတ်မှတ်ထားတဲ့ စစ်ကောင်စီရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်အုပ်စုအတွက် ထွက်ပေါက်ရဖို့ လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး အဲ့ဒီရွေး ကောက်ပွဲမှာ ပူးပေါင်းပါဝင်မှုမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေကပြောဆိုထားကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး သူတို့ကိုယ်တိုင် ဦးစီးမယ့်ရွေးကောက်ပွဲအသစ်ပြန်လုပ်ဖို့ကြွေးကြော်ခဲ့သလို ရွေးကောက်ပွဲစနစ်ကိုလည်း ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။

အဲ့ဒီလို သတ်မှတ်ခဲ့ပြီးနောက် စစ်တပ်ကျော ထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့ရဲ့မဟာမိတ်နိုင်ငံရေးပါတီငယ်တွေ၊အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာမပါတဲ့ ပါ တီတွေကို တွေ့ဆုံဆွေးနွေးစည်းရုံးတာတွေ လုပ်နေတာပါ။

အခုလအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ နိုင်ငံရေးပါတီ (၃၇)ခုက ကိုယ်စားလှယ်တွေ နေပြည်တော်မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။