တမူးမှာ တပတ်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ထဲမှာ အခုဇန်နဝါရီလ ပထမပတ်ထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာလည်း ဆိုင်ကယ်စီးလာသူ ၂ ဦးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့ရာမှာ ဆိုင်ကယ်စီးလာသူတွေကိုမထိပဲ အမျိုးသမီးတဦးကို သေနတ်ထိမှန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တာမှုကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးဟာ ဝမ်းဗိုက်နဲ့ပေါင်ကိုထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

” နှစ်ချက်မှန်တာ။ ခုကလေးမြို့ ဆေးရုံကြီးကို ပို့ထားတယ် ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တမူးမြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကတည်းက ဆိုင်ကယ်နှစ်ယောက်မစီးဖို့ စစ်ကောင်စီက အမိန့်ထုထ်ထားခဲ့ပါတယ်။

တမူးမြို့မှာ လူသိများတဲ့ ပျူစောထီးတဦး လုပ်ကြံခံရကတည်းက အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အလားတူပဲ တမူးမြို့ထဲမှာ စောဘွားအင်းရပ်ကွက်က ဒေသခံတဦးဟာလည်း ညအချိန်နေအိမ်ကနေ အပေါ့သွားဖို့ထွက်ချိန် ကင်းလှည့်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ပြီးပစ်ခတ်ချိန်မှာ ဒေသခံ ၃ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် နန်းဖာလုံ လက်ဖက်ရည်ဆိုင်ထဲမှာလည်း နယ်မြေခံ ပျူစောထီးတွေက ဇနီးမောင်နှံ ၂ ဦးကို ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့တပတ်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ပစ်ခတ်မူကြောင့် တမူးမြို့မှာ ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုကြပါတယ်။