မုံရွာမြို့မှာ မွေးကင်းစ ကလေးအလောင်းတလောင်းတွေ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းဆောရပ်ကွက်မှာ ဒီကနေ့ ဇန်နဝါရီ (၅) ရက်နေ့လယ်ပိုင်းမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေး အလောင်းတလောင်း တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

“ကလေးက အလောင်းက ယောက်ျားလေး၊ ထန်းတောကြီးအင်းစပ်မှာ ငါးမျှားနေတဲ့သူတွေက တွေ့လို့အကြောင်းကြားတာနဲ့ သွားဆယ်ခဲ့တာ ကလေးအနှီးမှာ သူ့မွေးနေ့ပါတယ်၊ ကလေးက (၂) ရက်နေ့ကမွေးတာဆိုတော့ ဒီနေ့ဆိုသုံးရက်သားပေါ့” လို့ မုံရွာမြို့က မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီကလေး ရုပ်အလောင်း အနေအထားအရ မွေးပြီးပြီးချင်း စွန့်ပစ်ထားတဲ့ အခြေအနေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မွေးကင်းစကလေးအလောင်းကို ဆယ်ယူပြီး မုံရွာပြည်သူ့ဆေးရုံကြီး OPD ကနေ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။