ကရင်နီမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ တရက်တည်း စစ်ရှောင်နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေရာတွေကို ဇန်နဝါရီ (၃) ရက် တနေ့တည်းမှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လွိုင်ကော်မြို့၊ ချိကယ်အုပ်စု အနောက်ဘက်ခြမ်း၊ ဒေါမူကလားကျေးရွာနဲ့ လွယ်ထွဲကျေးရွာထဲကို ဇန်နဝါရီ (၃) ရက် နေ့လယ် ၁၁ နာရီဝန်းကျင်နဲ့ ညနေ ၅ နာရီအချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ဆယ်ချက်ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပစ်ခတ်တာကြောင့် လွယ်ထွဲကျေးရွာဒေသခံ ပအိုဝ်းအမျိုးသမီးဖြစ်တဲ့ အသက် (၃၆) နှစ်အရွယ် နန်းမရေးဆိုသူဟာ ဦးခေါင်း၊ နံကြားနဲ့ ခါးတို့မှာ ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီရွာက အသက် (၆၅) နှစ်အရွယ် ဒေသခံအမျိုးသားတဦးဖြစ်တဲ့ ဦးဦးရယ်ဆိုသူနဲ့ အသက် (၅၀) ကျော်အရွယ် အမျိုးသားတဦးလည်း ခြေထောက်နဲ့ပေါင်တို့မှာ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

“ဒေါမူကလားက ထိတဲ့လူနာတွေကို လွိုင်ကော်ဆေးရုံပို့လိုက်တယ်၊ နှစ်ယောက်စလုံးက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ လွယ်ထွဲရွာဖက်က အမျိုးသမီးက ဒဏ်ရာပြင်းတော့ တခါထဲအသက်ဆုံးတယ်” လို့ဒေါမူကလားရွာခံက ပြောပါတယ်။

ဒါ့အပြင် ဒေသခံစစ်ရှောင်နေအိမ် တလုံးမှာလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ အဲ့ဒီနေ့ည ၇ နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်တစ်ဦးဖြစ်တဲ့ အသက် (၅၈) နှစ်အရွယ် ဒေါနိုကူး ရွာခံ ဒေါ်စူးမြာဟာ ပေါင်မှာဒဏ်ရာရပြီး သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေအရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။

“စကစဘက်ကပစ်တဲ့ လက်နက်ကြီးစ စစ်ရှောင်စခန်း တဲခေါင်မိုးပေါ်ကို လာကျတယ်၊ စစ်ရှောင်တဲမှာ အိပ်နေတဲ့ အမျိုးသမီးရဲ့ ညာဘက်ပေါင်ကိုဖောက်ပြီး အသက်သေဆုံးခဲ့ပါတယ်၊ လက်နက်ကြီးပစ်တာရှောင်ချိန်မရလိုက်တော့ ထိသွားရင်း အသက်ဆုံးသွားတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ည ၈ နာရီ ဝန်းကျင်ကလည်း လွိုင်ကော်မြို့တွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လွတ်တမူ ကျေးရွာက အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး လက်မောင်းထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါစဲရွာခံတဦးရင်ဘတ်ကို လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှု ၃၇ ဦးထက်မနည်းရှိသလို နှလုံးရပ်သေဆုံးတဲ့ သက်ကြီးရွယ်အို လေးဦးအထိ ရှိတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။