ကြိုတင်ကြေညာတာမရှိဘဲ ရက်အကန့်အသတ်မရှိ ရုံးပိတ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နှစ်နိုင်ငံအလုပ်သမားစေလွှတ်ရေးစာချုပ် (MOU) အရ ပို့ဆောင်ရမယ့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေကိုသာ နိုင်ငံကူးလက်မှတ်လုပ်ဆောင်ထုတ်ပေးနေပြီး ရုံးပြန်မဖွင့်သေးဘူးလို့အဲ့ဒီရုံးနဲ့ နီးစပ်သူတချို့ကပြောပါတယ်။
” System Updateမြှင့်လို့ ရုံးပိတ်ထားပေမယ့် တဖက်မှာကျတော့ MOUစာချုပ်တွေရှိတယ်၊အဲ့ဒီစာချုပ်တွေက ဘယ်နေ့အရောက်အလုပ်သမားပို့ပေးရမယ်ဆိုတာမျိုးတွေရှိတယ်၊ဒါတွေကျတော့ မဖြစ်မနေလုပ်ပေးရမှာမို့လို့ လုပ်ပေးတာပဲရှိတယ်၊ရုံးမဖွင့်သေးပါဘူး”လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးဝန်ထမ်းတွေနဲ့နီးစပ်သူတဦးကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၅ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပြန်ဖွင့်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာကြောင့် စာအုပ်ထုတ်မယ့်သူတွေနဲ့ စာအုပ်အသစ်လုပ်ဖို့ QR Codeရရှိထားသူတွေလာရောက် တန်းစီစောင့်ဆိုင်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
MOUစာချုပ်ရှိ ကုမ္ပဏီတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာလည်း တဖက်နိုင်ငံကိုအလုပ်သမားပို့ဆောင်ဖို့ရက်ချိန်းနီးတဲ့ ကုမ္ပဏီတွေကိုသာ စိစစ်ထုတ်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
“လက်ရှိကုမ္ပဏီ DMနဲ့ဘဲ လက်ခံပေးပါတယ်၊ဒါကလည်း MOU စာချုပ်အတွက်ပါပဲ”လို့ နိုင်ငံကူးလက် မှတ်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိမှာ နိုင်ငံကူးလက်မှတ်ထုတ်ရေးရုံးကို လာမယ့် ဇန်နဝါရီ ၁၆ရက်မှာ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေလည်းဆက်လက်ထွက်ပေါ်နေပေမယ့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဝန်ထမ်းနဲ့ နီးစပ်သူတွေကတော့အတည်မပြုပါဘူး။
ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရုံးချုပ်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်တွေကိုဇန်နဝါရီ၂ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။