ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာကို ပြောင်းရွှေ့ ရောက်ရှိသွားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြစ်ဒဏ်ဟောင်းကြောင့် အသင်းသစ်မှာ ပွဲထွက်ခွင့် မရသေးဘူးလို့ သိရပါတယ်။
သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားနေတဲ့အချိန် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက အဲဗာတန်နဲ့ပွဲမှာ ပရိသတ် တစ်ယောက်ရဲ့ ဖုန်းကို ခွဲပစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ ဂွတ်ဒီဆင်ပက်ခ် ဘောလုံးကွင်းထဲကနေ ထွက်သွားချိန်မှာ ဓာတ်ပုံရိုက်ဖို့ ကြိုးစားတဲ့ ပရိသတ်ရဲ့ ဖုန်းကို လက်နဲ့ ရိုက်ချပစ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က ရော်နယ်လ်ဒိုကို နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီး အသင်းသစ်ကို ပြောင်းရွှေ့လာပြီ ဖြစ်ပေမယ့်လည်း ပြစ်ဒဏ်က ဆက်ပြီး အကျုံးဝင်နေမှာ ဖြစ်တာကြောင့် ဇန်နဝါရီ ၅ ရက်မှာ အယ်လ်နက်ဆာအတွက် ပွဲထွက်လို့ မရသေးဘူးလို့ ဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ အခုသီတင်းပတ်မှာ အယ်လ်နက်ဆာနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒီ စာချုပ်အရ ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်မားဆုံး စာချုပ်မျိုးနဲ့ အားကစားသမား ဖြစ်လာပါတယ်။
ဆော်ဒီ သတင်းဌာန တစ်ခုဖြစ်တဲ့ အယ်လ်ရီယတ်ဒီယာက ရော်နယ်လ်ဒိုဟာ အသင်းသစ်မှာ ချက်ချင်း ပွဲမထွက်နိုင်တာကို အတည်ပြုခဲ့ပြီး ဒါဟာ ပွဲပယ်ပြစ်ဒဏ်အပြင် နောက်ထပ် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတချို့ ဖြေရှင်းဖို့ ကျန်သေးတာကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
အသင်းရဲ့ မန်နေဂျာ ရူဒီဂါစီယာကလည်း ရော်နယ်လ်ဒိုကို ကြံ့ခိုင်မှု ပြန်တည်ဆောက်ဖို့ အတိုင်းအတာ တစ်ခုထိ အချိန်ပေးဖို့ လိုအပ်နေတာကြောင့် အလောတကြီး အသုံးပြုသွားမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
ပွဲပယ်ပြစ်ဒဏ်ကြောင့် ရော်နယ်လ်ဒိုဟာ အယ်လ်ရှာဘက်ဘ်နဲ့ ကစားမယ့် ဇန်နဝါရီ ၁၄ ရက်ထိ အသင်းနဲ့အတူ ပါဝင်နိုင်ဖွယ် မရှိသေးဘဲ အဲဒီပွဲအပြီး နောက်တစ်ပတ်မှာ အက်တီဖက်နဲ့ ယှဉ်ပြိုင်မှ ပွဲထွက်လာဖွယ် ရှိနေပါတယ်။