ပုလောမှာ ခရီးသည်တင်ကားနဲ့ လိုက်လာတဲ့ စစ်သားတဦးကို ကာကွယ်ရေးတပ်ကဖမ်းမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် သင်္ကန်းတော်ရွာလမ်းမကြီးမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ဇန်နဝါရီ (၂) ရက် ညနေလေးနာရီခွဲဝန်းကျင်မှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပုလောဒေသကာကွယ်ရေး (PRDF) တပ်ဖွဲ့ဝင်တွေက မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေချိန်မှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ တပ်သားအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို စိစစ်တွေ့ရှိ ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူဟာ တနင်္သာရီမြို့နယ်၊ ဇဝဲအခြေစိုက် ခမရ (၅၅၆) တပ်ရင်းက အသက် ၁၉ နှစ်အရွယ် တပ်သားအောင်အောင်ဖြစ်ပြီး တပ်အပြောင်းအရွေ့သွားရောက်ချိန်မှာ အခုလိုဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

တပ်သား အောင်အောင်ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတော့မရှိဘဲ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ်နှစ်သောင်းကျော်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး လုံခြုံတဲ့နေရာတစ်ခုမှာ ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုလောမြို့နယ် တဝိုက်ဒေသတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးမှုတွေ မကြာမကြာလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၄) ရက်ကလည်း ခရီးသည်တင်ယာဉ်နဲ့ လိုက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဦးစီးမှူးတဦးကို PRDF ကပဲ စစ်ဆေးဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရှိ ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း မကြာမကြာရှိနေပါတယ်။ ဇန်နဝါရီ (၃) ရက် မနေ့ကလည်း ပုလောမြို့ကနေ မြိတ်မြို့ဘက် ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို Palaw-KPDF နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများပေမယ့် အရေအတွက် တိတိကျကျကို မသိရသေးဘူးလို့ Palaw – KPDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလပထမအပတ်အတွင်းမှာပဲ ပုလောမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ခြေလျင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ပုလောမြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။