စစ်တပ်ကဖမ်းဆီးထားတဲ့ ပရဟိတ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင် ပြန်လွတ်မြောက်လာတယ်လို့သတင်းတွေထွက်ပေါ်

စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဒီကနေ့ဇန်နဝါရီ ၄ ရက်နေ့ မှာစစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၄ရက်ရဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ဆရာမဒေါ်သန်းမြင့်အောင်အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ စာရေးဆရာ ထင်လင်းဦးတို့လည်း ပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။
 
လွတ်မြောက်လာတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေသူတွေနဲ့ပတ်သက်ပြီး DNA ကဆက်အတည်ပြုဖို့ကြိုးစားနေပါတယ်။
 
၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ အတူNLD ထိပ်တန်းခေါင်းဆောင်တက်ကြွလှုပ်ရှားသူတွေ၊ စာရေးဆရာတွေနဲ့ သံဃာတော်အချို့ကို အာဏာသိမ်းစစ်တပ်က တရက်တည်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း စစ်ကောင်စီ စစ်အာဏာသိမ်းတဲ့ ပထမဆုံးနေ့ နံနက်အစောပိုင်းမှာ စစ်သားတွေ၊ အရပ်ဝတ်နဲ့လုံခြုံရေးတွေက နေအိမ်ကိုဝင်ရောက် စီးနင်းပြီး အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့သိရပါတယ်။
 
အဲ့ဒိနောက် ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက်မှာ အင်းစိန်ထောင်တွင်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။
 
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့ကလေးများဂေဟာ၊ “အောင်” ဖောင်ဒေးရှင်း လူမှုဝန်းကျင်နဲ့ပရဟိတ သင်တန်းကျောင်း တို့ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
 
အရပ်သား အစိုးရ NLD လက်ထက်မှာတော့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။