မန္တလေးတိုင်း အတွင်းက အကျဉ်းသား တထောင့်သုံးရာ ကျော်လွှတ်ဖို့ရှိတယ်ဆိုလို့ စောင့်ဆိုင်းနေကြ

မန္တလေးတိုင်း အတွင်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသား ၁၃၀၀ ကျော်လောက် ဒီကနေ့ ဇန်နဝါရီ ၄ရက်နေမှာ လွှတ်ဖို့ရှိတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
 
အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်အထိ ပါလာမလဲဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။
 
ဒီကနေ့မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ လွှတ်ငြိမ်ချမ်းသာနဲ့ လွှတ်လာဖို့ သတင်းတွေထွက်ပေါ်လာပြီး နိုင်ငံတဝန်းကအကျဉ်းထောင်တွေမှာ မိသားစုဝင်တွေက သွားရောက်စောင့်ဆိုင်းနေကြတယ်လို့လည်းသိရပါတယ်။
 
ဒီကနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီက ဖမ်းဆီးပြီး ထောင် ၁၂ နှစ်ချထားတဲ့ အရင်အစိုးရ လက်ထက်က သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်လာတယ်လို့လည်းသတင်းတွေထွက်ပေါ်ထားပါတယ်။
 
စစ်ကောင်စီက သူတို့ အာဏသိမ်းဆည်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်လုပ်ပေးနေတာ ၇ကြိမ်ရှိနေပါပြီ။
 
စစ်အာဏသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာပါ။ အဲဒီအထဲမှာ နိုင်ငံခြားသား ၂၃၉ ဦးပါဝင်ခဲ့ပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီဟာ အခု ၂၀၂၃ ခုနှစ်မှာ ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက် အထင်ကတရနိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ စီစဉ်နေတာဖြစ်တယ်ဆိုပြီး နိုင်ငံရေးလေလာသုံးသပ်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောဆိုထုတ်ပြန်ထားပါတယ်။