နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ် ဥက္ကဋ္ဌမရှိဘဲ ဖြစ်နေတဲ့ အမေရိကန် အောက်လွှတ်တော်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် လူသစ်တစ်ဦး ရွေးချယ်တင်မြှောက်နိုင်မှု မရှိတဲ့နောက် လွှတ်တော်ထဲမှာ ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

နှစ်သစ်မှာ လွှတ်တော်သစ် ကျင်းပမယ့် အချိန်ဟာ ပြီးခဲ့တဲ့ နို​ဝင်ဘာ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ပြန်လည် ထိန်းချုပ်ခွင့် ရလာတဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီအတွက် အောင်ပွဲခံတဲ့ ကာလ တစ်ခုလို့ ယေဘုယျ ယူဆနိုင်ပါတယ်။

ဒါပေမဲ့လည်း အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ရီပတ်ဘလစ်ကန် ပါတီက အဆိုပြုထားတဲ့ ကီဗင် မက္ကာသီဟာ ပါတီတူ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာတောင် ကန့်ကွက်ဝေဖန်တာတွေ ခံခဲ့ရတဲ့နောက် ရာထူးဆက်ခံဖို့ အခက်အခဲ ကြုံနေရပါတယ်။

ဒီမိုကရက်ပါတီ ကိုယ်စားပြု ဝါရင့် အောက်လွှတ်တော် အမတ်ဖြစ်သူ နန်စီ ပလော့စီကလည်း လွှတ်တော် ဥက္ကဋ္ဌ သက်တမ်း ကုန်ဆုံးချိန်မှာ နုတ်ထွက်သွားပြီ ဖြစ်တာကြောင့် ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အောက်လွှတ်တော် ညီလာခံဟာ ဥက္ကဋ္ဌ မရှိဘဲ စတင်ရတော့မှာ ဖြစ်ပါတယ်။

ပထမအဆင့် မဲခွဲဆုံးဖြတ်မှုတွေနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြှောက်နိုင်မှု မရှိဘူး ဆိုတာက အမေရိကန် သမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

ကယ်လီဖိုးနီးယားက လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ မက္ကာသီဟာ အခုဆိုရင် အောက်လွှတ်တော် အမတ်နေရာအတွက် မဲပေးရွေးချယ်မှုတွေမှာ ၃ ကြိမ်ဆက် အရေးနိမ့်ခဲ့ပြီး ဖြစ်ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် တစ်ဦးဦးကို တင်မြှောက်နိုင်တဲ့ထိ မဲပေး ရွေးချယ်ရမှာဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ စည်းရုံးရေး ပိုဆင်းပြီး မဲပေးမှုမှာ အနိုင်ရလာမလား ဆိုတာတော့ မသေချာသေးပါဘူး။

ဒါပေမဲ့ နိုင်ငံရေး အကဲခတ်တွေကတော့ မက္ကာသီတစ်ယောက် အခုလို အသည်းအသန် လိုက်စည်းရုံးနေရပြီ ဆိုတာကိုက သူ့ရဲ့ ရပ်တည်မှုဟာ အားပျော့နေတယ် ဆိုတာကို အထင်အရှား ညွှန်ပြရာ ရောက်နေတယ်လို့ သုံးသပ်ကြပါတယ်။

ရီပတ်ဘလစ်ကန် ပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေအပေါ် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အသာစီး ယူနိုင်ခဲ့ပေမယ့် ပါတီထဲမှာ သဘောထား တင်းမာသူတွေနဲ့ အလယ်အလတ် လမ်းစဉ် အစုအဖွဲ့တွေကြား သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေဆဲပါ။

မက္ကာသီဟာ ရီပတ်ဘလစ်ကန် ပါတီထဲက သဘောထား မတူညီသူတွေကြားမှာ လုံလောက်တဲ့ မိတ်ဖွဲ့မှုမျိုး မရှိသေးတဲ့အပြင် ရန်သူတွေ ဝိုင်းနေကြောင်း၊ ဒါကြောင့်လည်း မဲခွဲဆုံးဖြတ်မှုမှာ သူအရေးနိမ့်ခဲ့တာ မဆန်းကြောင်း အမည်မဖော်လိုသူ လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

ရီပတ်ဘလစ်ကန် ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ၂၂၂ ခုကို ပိုင်ဆိုင်ထားပြီး လက်ယာစွန်း အမတ် ၁၉ ဦးလောက်က မက္ကာသီကို တင်းတင်းမာမာ ဆန့်ကျင်နေဆဲလို့ ဆိုပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ တင်မြှောက်လို့ မရဘဲ ဖြစ်နေတဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အမြန်ဆုံး ညှိနှိုင်း အဖြေရှာနိုင်ဖို့ ပါတီထဲမှာလည်း ဆွေးနွေးညှိနှိုင်းမှုတွေ အပူတပြင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။