ရေးမြို့နယ်မှာ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အမြှောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံလေးဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို ဇန်နဝါရီ (၂) ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်တွေကျလို့ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလမိုင်းရွာခံ သုံးဦးအပါအဝင် အရပ်သားလေးဦး လည်ပင်း၊ ခြေထောက်၊ ဝမ်းဗိုက်၊ ဦးခေါင်းနဲ့ လက်တွေမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“အမြောက်တပ်ကနေ ထုတာပေါ့၊ အသံက အကျယ်ကြီးပဲဟာ၊ အားလုံး ၇ လုံးလောက်ရှိတယ်၊ သူတို့ ရမ်းပစ်တော့ ဘေးလမိုင်းရွာက အမျိုးသားတဦးရယ်၊ မိန်းကလေးနှစ်ဦးရယ်က ခြေထောက်နဲ့ ဝမ်းဗိုက်၊ ခေါင်းနဲ့လည်ပင်း၊ လက်တွေမှာ ဒဏ်ရာရသွားတယ်၊ ဘေးနားရွာက အမျိုးသားတစ်ယောက်ကတော့ နည်းနည်းပဲ ဘာမှတော့ မဖြစ်ဘူး” လို့သူက ပြောပါတယ်။

ရေးမြို့နယ်အတွင်း လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ဇန်နဝါရီ (၂) ရက် မနက်ပိုင်းမှာ ကျုံလောင်းကျေးရွာဟောင်းအနီးမှာရှိတဲ့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့သလို အဲ့ဒီကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လမ်းမှာခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စစ်ကောင်စီရဲ့ ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇) အမြောက်တပ်ကနေ ဘေးလမိုင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေ၊ ကင်းစခန်းတွေ၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ခြေလျင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

ဒီလိုခြုံခိုတိုက်ခိုက်ခံရတာနဲ့ စစ်ကောင်စီရဲ့ ရေးမြို့နယ် အမြောက်တပ်ရင်းတွေကနေ အခင်းဖြစ်ပွား ရာနေရာတွေနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိတဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့အချိန်မှာလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီစစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တချို့မှာ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို သေဆုံးမှုတချို့လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။