တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ NLDပါတီ တိုင်းပြန်ကြားရေးတာဝန်ခံအမျိုး သမီးတဦး အပါအဝင် တပတ်အတွင်း ဒေသခံ (၁၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။
NLDပါတီရဲ့ တိုင်းပြန်ကြားရေးတာဝန်ခံမမြရတနာထက်နဲ့အမျိုးသားဖြစ်သူ တို့ကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးက ပင်လုံအိမ်ယာထဲမှာ စစ်ကောင်စီတပ်သားတွေကဝင်ရောက် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးပြီး နှစ်ရက်အကြာမှာ အမျိုးသားဖြစ်သူကိုပြန်လွှတ်ပေးခဲ့ပေမယ့် မမြရတနာထက်ကိုတော့ဆက်လက်ဖမ်းဆီးထားဆဲလို့လည်းသိရပါတယ်။
ဒါ့အပြင် ကြက်စားပြင်ရပ်ကွက် ၊ကမ်းနားလမ်းကအရက်ဆိုင်ပိုင်ရှင် ကိုမောင်လေးနဲ့မိသားစုဝင် ငါးဦးနဲ့ အရက်ဝယ်သူလေးဦးတို့ကိုလည်း ဇန်နဝါရီ ၂ ရက်မှာဖမ်းဆီးခဲ့သလို နောက်ထပ် ထားဝယ်မြို့ခံ မိသားစုဝင်သုံးဦးကိုလည်းထပ် မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ဇန်နဝါရီ ၃ရက် မနက်ပိုင်း မှာ လည်းစစ်ကောင်စီက အရက်ဆိုင်ကိုလာပိတ်လို့ ဝင်ရောက်ပြောဆိုသူမြို့ခံတဦးကိုထပ်မံဖမ်းဆီးခဲ့တယ် လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ်ခံရတဲ့သူတွေထဲ NLDပါတီရဲ့ တိုင်းပြန်ကြားရေး မမြရတနာထက်လည်းပါဝင်ခဲ့ပြီး လက်ရှိမှာဘာအမှုနဲ့ဖမ်းဆီးခံရတယ်ဆိုတာလည်းမသိရသေးဘူးလို့ဆိုပါတယ်။
ကမ်းနားလမ်း အရက်ဆိုင်ပိုင်ရှင် ကိုမောင်လေးကိုသူ့ရဲ့အရက်ဆိုင်မှာဖမ်းဆီးပြီးနောက် စစ်ကောင်စီကနေအိမ်မှာလည်းရှာဖွေမှု တွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီ ထားဝယ်မြို့ခံတွေကို စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာမသိရသေးပါဘူး။