တရုတ် စစ်လေယာဉ်တွေ ထိုင်ဝမ်နား ခြိမ်းခြောက် ပျံသန်းမှု ပြီးခဲ့တဲ့နှစ်မှာ နှစ်ဆတိုးလာ

ထိုင်ဝမ် လေပိုင်နက်နား တရုတ် စစ်လေယာဉ်တွေရဲ့ အကဲစမ်း ချဉ်းကပ် ပျံသန်းမှုတွေဟာ ၂၀၂၂ ခုနှစ်မှာ နှစ်ဆ မြင့်တက်လာတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ဟာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေကို ထိုင်ဝမ် လေပိုင်နက် အပြင်နားက လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် တဝိုက်မှာ အကြိမ်ရေ အမြောက်အမြား ပျံသန်းစေခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စနစ်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်က စစ်ရေးအရ တိုက်ခိုက် သိမ်းပိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုကို အချိန်ပြည့် ကြုံနေရပါတယ်။ ထိုင်ဝမ် အစိုးရကတော့ မြို့ပြနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို ကာကွယ်ဖို့အတွက် သီးခြားရပ်တည်မှု လိုအပ်ပြီး တရုတ်နဲ့ ပေါင်းစည်းဖို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ထိုင်ဝမ်မှာ ဆိုင်အင်ဝမ် သမ္မတ ဖြစ်လာချိန် ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အေးခဲလာခဲ့ပြီး တရုတ်က စစ်အင်အားပြ ခြိမ်းခြောက်မှုတွေလည်း ပိုများလာပါတယ်။ ၂၀၂၂ ခုနှစ်မှာ အခြေအနေတွေ ပိုဆိုးလာပြီး အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်မြေကို အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် တရုတ်က အကြီးအကျယ် ဒေါသူပုန် ထခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း တရုတ်ဟာ ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ပါသေးတယ်။

ထိုင်ဝမ်ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်မှာ ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲ ဝင်ရောက်တဲ့ တရုတ် စစ်လေယာဉ် အရေအတွက် ၁၇၂၇ စီး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နှစ်အလိုက် အချိုးချထားတဲ့ ပျမ်းမျှ ကိန်းဂဏန်းထက် နှစ်ဆလောက် ပိုများနေပါတယ်။ ၂၀၂၁ တုန်းက ထိုင်ဝမ်နားကို တရုတ် စစ်လေယာဉ် အစီးရေ ၉၆၀ လောက် ရောက်ရှိခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၃၈၀ လောက်သာ ရှိခဲ့ဖူးပါတယ်။

တိုက်လေယာဉ်တွေအပြင် ပလော့စီရဲ့ ခရီးစဉ်နောက်ပိုင်း ထိုင်ဝမ်တ​ဝိုက်ကို ပျံသန်း ရောက်ရှိလာတဲ့ ဒရုန်း အစီး ၇၀ ကျော်လောက်ကိုလည်း ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် စစ်လေယာဉ်တွေ အုပ်စုဖွဲ့ ချဉ်းကပ်လာတိုင်း ထိုင်ဝမ် တိုက်လေယာဉ်တွေက အသင့်အနေအထား ပျံတက်ပြီး စောင့်ကြည့်ရတဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း ထိုင်ဝမ် တိုက်လေယာဉ်မှူးတွေ အကြီးအကျယ် ဝန်ပိခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ် လေတပ်မှာ သက်တမ်းလွန် တိုက်လေယာဉ်တချို့ ရှိနေဆဲဖြစ်ပြီး တရုတ်က ထိုင်ဝမ် လေယာဉ်မှူးတွေအပေါ် ဖိစီးမှုများအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ပါတယ်။

ဩဂုတ်လကတော့ တရုတ်လေယာဉ်တွေ ထိုင်ဝမ်နားမှာ စံချိန်တင် အရေအတွက်ထိ ချဉ်းကပ် ပျံသန်းခဲ့ကြပြီး စုစုပေါင်း အစီး ၄၄၀ လောက်ထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။