မွန်ပြည်နယ်က ပုဂ္ဂလိက ဆေးရုံတွေမှာ CDM ဝန်ထမ်းတွေ မခန့်ဖို့ စစ်ကောင်စီက ဖိအားထပ်ပေး

မွန်ပြည်နယ်အတွင်းက ပုဂ္ဂလိက ဆေးရုံတွေမှာ CDM ကျန်းမာရေး ဝန်ထမ်းတွေကို အလုပ်ခန့်ထားတာရှိမရှိ စစ်ကောင်စီကပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ဆေးမှုတွေလုပ်ခဲ့ပြီး အလုပ်ခန့်ထားရင် ဆေးရုံတွေအပိတ်ခံရမယ်လို့လည်း ခြိမ်းခြောက်သွားတယ်လို့ အဲ့ဒီဆေးရုံတွေနဲ့ နီးစပ်သူတချို့က DNA ကိုပြောပါတယ်။

“CDM ဝန်ထမ်းကိစ္စနဲ့ကော PDF တွေ ဆက်သွယ်နေတာ ရှိမရှိကိုပေါ့၊ ဆေးရုံတွေမှာ CDM တွေကိုအလုပ်ပေးရင် ဆေးရုံအပိတ်ခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်သွားတယ်” လို့ မော်လမြိုင်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတခုရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ် ခန့်အပ်တာ၊ လာရောက်တာဝန်ထမ်းဆောင်တာတွေ မရှိစေဖို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၉ ရက်မှာ ညွှန်ကြားစာလည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီညွှန်ကြားစာမှာတော့ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းတွေအနေနဲ့ တည်ဆဲ ဥပဒေအရ အမှုဖွင့်ခံထားရသူ၊ ဥပဒေချိုးဖောက်ထားသူ၊ ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရသူ၊ဆေးပညာဆိုင်ရာလိုင်စင် ရုပ်သိမ်း/ဆိုင်းငံ့ခံထားရသူတွေကို ဝန်ထမ်းအဖြစ် ခန့်ထားတာမလုပ်ဖို့ ဖော်ပြထားပြီး ပြည်နယ် ကုသရေး / ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်းက လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။

အဲဒီညွှန်ကြားစာမထွက်မီ တရက်အလိုကတည်းက မော်လမြိုင်မြို့က ပုဂ္ဂလိက ဆေးရုံရှစ်ခုမှာ CDM ဝန်ထမ်းတွေကို ခန့်ထားတာရှိမရှိ စစ်ကောင်စီက စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ညွှန်ကြားချက် ထွက်လာပြီးနောက်မှာလည်း အဲ့ဒီလို စစ်ဆေးမှုတွေ ဆက်လုပ်ခဲ့တယ်လို့ သထုံမြို့က ပုဂ္ဂလိကဆေးရုံလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဆေးရုံထဲမှာ CDM လုပ်တဲ့သူတွေ ရှိမရှိလာစစ်ဆေးတာပေါ့၊ CDM လုပ်ထားတဲ့သူတွေရှိရင်အကြောင်းကြားဖို့ ပြောသွားတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အခုလို ထပ်ပြီးညွှန်ကြားလာတာဟာ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာ ပုဂ္ဂလိက ဆေးရုံးငါးရုံအထိ ပိတ်သိမ်းခံရတာ၊ CDM ဆရာဝန်တဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦး ဖမ်းဆီးခံရတာတွေနဲ့ ဆက်စက်နိုင်တယ်လို့ မွန်ပြည်နယ်အတွင်းက ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း တသောင်းကျော်အထိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေအပေါ် စာချုပ်လျှော်ကြေး သိန်းတရာအထိ ခြိမ်းခြောက်တောင်းဆိုတာ၊ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာအပြင် စားဝတ်နေရေး အခက်အခဲတွေကြောင့် စစ်ကောင်စီလက်အောက် ပြန်လည်ဝင်ရောက်လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်း (၁၁၀၀) ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ CDM ဆက်လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း ကိုးထောင်ကျော်အထိ CDM လှုပ်ရှားမှုမှာ ဆက်လက်ပူးပေါင်းပါဝင်နေကြဆဲ ဖြစ်တယ်လို့ ဒေသတွင်း CDM ကျန်းမာရေးဝန်ထမ်းအသိုင်းအဝန်းက ပြောပါတယ်။