နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ယာယီပိတ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရုံးချုပ်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွေကို ဒီကနေ့ ဇန်နဝါ ရီ(၂)ရက်ကစလို့ပိတ်ထားလိုက်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးမှုကိုလည်း ရက်အကန့်အသတ်မရှိယာယီ ပိတ်ထားလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတွေ၊ ရုံးဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“ရုံးတွင်းမှာစာလည်းထုတ်ထားတယ်၊ယာယီပိတ်မယ်ဆိုတာကိုလည်း ကြေညာထားပါတယ်။ QR Codeတွေ လုပ်တဲ့အချိန်မှာ Passportစာအုပ်လုပ်ဖို့အတွက် အရမ်းကို ဖောင်းပွသွားပြီး ပထမပုံမှန် Systemနဲ့ဆိုတော့ အရမ်းကိုရှုပ်သွားတာရယ်၊အင်အားမလုံလောက်တာရယ်ကြောင့် မဖြစ်မနေယာယီပိတ်ပြီး Systemကို Updateပြန်လုပ်မှ ရမှာမို့ အခုလိုပိတ်တာလို့တော့ သိရတယ်”လို့ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးနဲ့နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

အခုလိုရုံးတွေပိတ်လိုက်တာကြောင့်စာအုပ်အသစ်၊စာအုပ်သက်တမ်းတိုးအပြင် စာအုပ်ထုတ်ယူမှုတွေကိုပါ ရပ်ဆိုင်းခဲ့တာလို့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့နီးစပ်သူတဦးကလည်း ပြောပါတယ်။

“အကုန်ရပ်ဆိုင်းလိုက်တာ၊တစ်လလောက်တော့ ကြာမယ်လို့တော့သိရတာပဲ၊ အသေအချာကြီးတော့မဟုတ်ဘူး”လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အခုလိုရုံးပိတ်မယ်ဆိုတာကိုကြိုတင်ထုတ်ပြန်တာမရှိတဲ့အတွက်စာအုပ်လုပ်သူတွေ၊စာအုပ်ထုတ်မယ့်ပြည်သူတွေအနေနဲ့အခက်အခဲတွေဖြစ်ရတယ်လို့လည်း နိုင်ငံကူးလက်မှတ်သွားရောက်ထုတ်ယူခဲ့သူတဦးက ပြောပါတယ်။

“ကျွန်တော်တို့ကစာအုပ်ထုတ်ဖို့သွားတာမရခဲ့ဘူး၊ဒီလကုန်လောက် ထွက်ဖို့လုပ်ထားတာ၊အခုတော့ အခက်အခဲ တွေဖြစ်ကုန်တာပေါ့၊ကျွန်တော်နဲ့အစ်မတစ်ယောက်ဆိုရင် ထိုင်းမှာ ဆေးသွားကုဖို့အရေးပေါ်လုပ်ထားတာ ၊ပိုက်ဆံပေးပြီးတော့ အခုပိတ်လိုက်တယ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့ဗျာ”လို့  နိုင်ငံကူးလက်မှတ်သွားရောက်ထုတ်ယူခဲ့သူတဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်မှာနှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် စပိတ်ခဲ့ပြီး ပုံမှန်ရုံးဖွင့်ရက်အတိုင်းပြန်ဖွင့်ရမှာဖြစ်ပေမယ့် ဒီကနေ့ဇန်နဝါရီ ၂ရက်မှာ ပြန်ဖွင့်တာမရှိဘဲ ယာယီ ပိတ်တယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ဖို့ Online ကနေ QR Code ရယူမှုကိုတော့ ဒီဇင်ဘာ ၅ ရက်ကတည်းက စတင်ရပ်ဆိုင်း​ခဲ့တာပါ။

Online Booking စနစ်နဲ့QR Code ရယူပြီး ရက်ချိန်းရ ယူလျှောက်ထားတာကို   မည်သူမဆို ကာယကံရှင် ကိုယ် တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်ဖို့  Online Booking စနစ်ကို ပြင်ဆင်ရေး ဆွဲနေလို့ အဲ့ဒီလိုရပ်ဆိုင်းလိုက်တယ်ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် online bookingစနစ် ပြန်မစနိုင်သေးတဲ့အပြင် ရုံးတွေပါပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။