ယူဂန္ဓာမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ပစ်ဖောက်မှုတွေ တိုးဝှေ့ကြည့်ရှုရာက လူနင်းမိပြီး ကိုးဦးသေ

နှစ်သစ်ကူးညမှာ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းတွေကို တိုးဝှေ့ ကြည့်ရှုကြရာက အချင်းချင်း တက်နင်းမိတာကြောင့် ယူဂန္ဓာ နိုင်ငံမှာ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နှစ်သစ်ကူးညက ယူဂန္ဓာရဲ့ မြို့တော် ကမ်ပါလာမှာ ၂၀၂၃ ခုနှစ်ကို ကြိုဆိုတဲ့ မီးရှူးမီးပန်း အလှအပတွေ ပစ်ဖောက်ခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်ကို မြို့ထဲက စျေးဝယ်စင်တာ တစ်ခုမှာ စုရုံး ကြည့်ရှုကြရာက အခုလို အနိဋ္ဌာရုံ ဖြစ်စဉ်တွေဆီ ဦးတည် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေး အတော်များများလည်း ပါဝင်ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ မျက်မြင်တစ်ဦးရဲ့ အဆိုအရ လူအုပ်ကြီးဟာ ဆန့်ကျင်ဖက် အရပ်တွေကို တိုးဝှေ့ကြရင်း လဲပြိုကျသူတွေ တက်အနင်းခံခဲ့ရတာလို့ သိရပါတယ်။

ကယ်ဆယ်ရေးတွေကတော့ သေဆုံးသူတွေထဲမှာ လူနင်းခံရတာတွေအပြင် လူတွေ အရမ်းကျပ်ရာက အသက်ရှူ မွန်းကျပ်သွားသူတွေလည်း ပါဝင်ခဲ့ကြောင်း ပြောပါတယ်။

ကမ်ပါလာမှာ ကိုဗစ်ကာလနောက်ပိုင်း နှစ်သစ်ကူးကာလ လူစုလူဝေး ပြုလုပ်ခွင့်ကို အခုမှ ပထမဆုံးအကြိမ် ပြန်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ ဂီတ ဖျော်ဖြေပွဲ တစ်ခုပါ ရှိနေခဲ့တာကြောင့် လူတွေ ပိုများသွားခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖျော်ဖြေပွဲ ကြည့်ပြီး စျေးဝယ်စင်တာထဲ ပြန်ဝင်တဲ့ လူအုပ်ရယ်၊ မီးရှူးမီးပန်းတွေကို ကြည့်ဖို့ အပြင်ထွက်လာတဲ့ လူအုပ်ရယ် အလျှော့မပေးစတမ်း တိုးဝှေ့ကြရာက အရှုပ်အထွေးတွေ ပေါ်ပေါက်လာခဲ့တာလို့လည်း ရဲတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။