မန္တလေးမြို့မှာ ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ( PDF ) ၁၆ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမီခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇန်နဝါရီ ၁ရက်နေ့ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ပြီး Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် (၁၆)ဦး ဖမ်းမိထားတာလို့ဆိုပါတယ်။
ဒီဇင်ဘာ(၃၁)ရက် ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်၊ (၄၉)လမ်း ၄၈ လမ်းကြား (၁၀၈)လမ်းအနီးမှာ လူငယ်နှစ်ဦးကို ဖမ်းမိခဲ့ရာမှာတဆင့် ဆက်စပ်ပြီး PDF အဖွဲ့ဝင် ၁၆ ဦးကို လက်လုပ် မိုင်း (၁၅)လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး နှစ်လုံးနဲ့ အတူ ဖမ်းမိထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဖမ်းဆီးရမိထားတဲ့ ၁၆ ဦးမှာ အောင်မြေသာစံမြို့နယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါဝင်နေပြီး အများစုမှာ လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒီလူငယ်တွေကိုတော့ စစ်ကောင်စီက နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲရေးလုပ်ဖို့ စီစဥ်နေချိန်ဖမ်းမိတာလို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အဲဒီထုတ်ပြန်ချက်အပေါ် မန္တလေးမြို့က ဒေသကာကွယ်ရေးပြောက်ကျားတပ်တွေကိုဆက်သွယ်မေးကြည့်ရာမှာတော့ မန္တလေးမြို့က ပြောက်ကျားတပ်ဖွဲ့ဝင်အများစုက မြို့ပေါ်ကထွက်ခွာသွားကြပြီဖြစ်တယ်လို့ DNA ကိုပြောပါတယ်။
မန္တလေးမြို့ပေါ်က မြေပြင်သတင်းအရင်းအမြစ်တခုဖြစ်တဲ့ VOMDY- 4 ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့စစ်ကောင်စီက လက်ရှိဖမ်းမိထားသူတွေနဲ့ပတ်သက်ပြီး ကွင်းဆက်တွေကိုဆက်တိုက်ဆိုသလို လိုက်ပြီး တင်းကျပ်စစ်ဆေးနေပြီးပစ္စည်းနဲ့ လူအင်အား ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ပြည်သူတွေ တော်လှန်ရေးကို ပိုမိုအာရုံစိုက်ကြဖို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။