စစ်တပ်ကမီးရှို့ထားတဲ့ ညောင်ကားယားရွာကို ထပ်ပြီးစစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ညောင်ကားယားကျေးရွာကို နှစ်သစ်ကူးညဒီဇင်ဘာ ၃၁ရက်မှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးစီးနင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံထောင်ချီဘေးလွတ်ရာပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ညောင်ကားယားကျေးရွာဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလထဲမှာ စစ်တပ်က ၂ရက်ဆက်တိုက်မီးရှို့ခဲ့သလို ဒီဇင်ဘာလထဲမှာလည်း စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့်အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်ရတဲ့ရွာဖြစ်ပြီး မနေ့ကနှစ်သစ်ကူးညမှာလည်းစစ်တပ်အင်အား ၁၀၀လောက်နဲ့စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။
“သူတို့အရင်ရက်တွေကတည်းကလုပ်ထားတဲ့အတွက်ကြောင့် ရွာက လူတွေက ရွာထဲကိုမဝင်ရဲဘူးလေ၊ အဲ့ကတည်းက တောထဲမှာပဲနေကြရတာပေါ့နော်၊၊အဲ့ဒီနေ့ညက ရွာထဲကိုသူတို့ဝင်လာတဲ့အခါမှာ ပြည်သူတွေကတော့ အထဲမှာတယောက်မှမရှိပါဘူး၊ ဒါပေမယ့် သူတို့ကတော့ သူတို့လိုချင်တဲ့ပစ္စည်းတွေအကုန် ရှာဖွေယူပြီးတော့ စက်လှေတွေနဲ့ ဒီမနက်ကျတော့ ပြန်သယ်ပြီးတော့ ထွက်သွားတယ်” လို့ မြောင်မြို့နယ်မှာ စစ်ရှောင်တွေကိုကူညီနေတဲ့ ကိုနွေဦး-မြောင်က ပြောပြပါတယ်။
ဧရာဝတီမြစ်ရဲ့ အနောက်ကမ်းမှာရှိနေတဲ့ညောင်ကားယားရွာကို မြစ်အရှေ့ဘက်ကျေးရွာတွေမှာ အထိုင်ချထားတဲ့စစ်တပ်တွေက ဒီဇင်ဘာ ၂၃ ရက်ကစပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေတာကြောင့် ညောင်ကားယားဒေသခံ တထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်းမှာလည်း ဧရာဝတီမြစ်အရှေ့ကမ်းက စစ်ကြောင်းတခုဟာ ညောင်ကားယားရွာနားက နဂါးပေါက်ရွာကို ဝင်ရောက်နေပြီး ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။
“နဂါးပေါက်ရွာကလည်း ဧရာဝတီမြစ်ကမ်းဘေးပဲလေ၊ အခုလမ်းမှာတင် သစ်ပင်အောက်တွေမှာ စစ်ဘေးရှောင်တွေအများကြီးပဲ။ ဒီညနေအရေအတွက်ကတော့ တိတိကျကျမသိရသေးဘူး၊ အနည်းဆုံးတော့ ထောင်ဂဏန်းမရှိဘူးဆိုရင် ငါးရာကျော်၊ ခြောက်ရာတော့ရှိမယ်ဗျ၊ အဲ့ဒါက လက်ရှိကျွန်တော် လမ်းမှာတွေ့ခဲ့တဲ့ အရေအတွက်ပေါ့နော်၊ ကျွန်တော် မတွေ့ရသေးတဲ့နေရာလည်း ရှိနေဦးမှာပဲဆိုတော့ တိတိကျကျတော့မပြောနိုင်သေးပါဘူး” လို့ ကိုနွေဦး-မြောင်က ဆက်ပြောပါတယ်။
စစ်တပ်က အခုလိုဝင်ရောက်မွှေနှောက်နေတာကြောင့် ညောင်ကားယားရွာ၊ နဂါးပေါက်ရွာနဲ့ အနီးတဝိုက် သုံးလေးရွာက အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ မနှစ်က မေလမှာ နဂါးပေါက်ရွာတဝိုက်က ရွာ၅ မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး အောက်တိုဘာလအတွင်းမှာလည်း ညောင်ကားယားရွာထဲက ဒေသခံနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုးမှုတွေ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့်မြောင်နယ်ထဲက ကျေးရွာဒေသခံတွေဟာ ညတွင်းချင်းဘေးလွတ်ရာကိုထွက်ပြေးရတဲ့ဖြစ်စဉ်တွေဟာလည်း အာဏာသိမ်းစကာလကနေဒီနေ့အထိ ဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။