
မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ကို ဒုံးကျည်တွေ ပစ်ခတ်ပြီး လက်ပြ နှုတ်ဆက်လိုက်ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မှာ မြောက်ကိုရီးယား စစ်တပ်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဖက်က ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယား ဒရုန်းတွေ တောင်ကိုရီးယား လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ၅ ရက်အကြာမှာ အခုလို ဒုံးကျည် ပစ်ခတ်မှုတွေကို တွေ့မြင်လာရတာပါ။ မြောက်ကိုရီးယားဟာ အခုနှစ်ထဲမှာ နိုင်ငံသမိုင်းတလျှောက် ဒုံးကျည်ပစ်ခတ်မှု အကြိမ်ရေ အများဆုံး လုပ်ဆောင်ပြခဲ့ပါတယ်။
တောင်ကိုရီးယား စစ်တပ်ဟာ မြောက်ကိုရီးယား ဒုံးကျည်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို အလေးအနက် သတိထား စောင့်ကြည့်ခဲ့ပါတယ်။ အမေရိကန်ကတော့ အဲဒီ ဒုံးကျည်တွေဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် တပ်တွေနဲ့ မဟာမိတ်တွေအတွက် ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။
တာတိုပစ် ဒုံးကျည်တွေဟာ မြောက်ကိုရီးယားရဲ့မြို့တော် ပြုံယမ်းရဲ့ တောင်ဖက်မှာရှိတဲ့ မြောက်ပိုင်း ဟွမ်ဟေး ဒေသကနေ မနက်အစောပိုင်းမှာ ပျံတက်လာတာဖြစ်ပြီး ကီလိုမီတာ ၃၅၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း သိရပါတယ်။
အစောပိုင်းမှာ ဒုံးကျည်တစ်စီး ပင်လယ်ပြင်ထဲ ကျရောက်ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါသေးတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ အပြင်းအထန် ဖိအားပေးမှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ထဲမှာ ဒုံးကျည် စမ်းသပ်မှုတွေကို သိသိသာသာ အရှိန်မြှင့်တင်နိုင်ခဲ့ပါတယ်။
အခုလ အစောပိုင်းမှာ အမေရိကန်နဲ့ အာရှမဟာမိတ်တွေက ဒုံးကျည် စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ထိပ်တန်း အရာရှိ ၃ ဦးကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဟာ လက်ရှိ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း လက်ထက်မှာ ဒုံးကျည် နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို ပိုပြီး အင်တိုက်အားတိုက် အကောင်အထည် ဖော်လာခဲ့ပါတယ်။ သူဟာ မြောက်ကိုရီးယားကို ကမ္ဘာပေါ်မှာ အင်အား အတောင့်တင်းဆုံး နျူကလီးယား စစ်တပ်မျိုး ပိုင်ဆိုင်လာအောင် ဦးဆောင် ထူထောင်ပေးသွားမယ်လို့လည်း ကင်က မကြာသေးခင်က ကြွေးကြော်ထားခဲ့ဖူးပါတယ်။