စစ်ကောင်စီ စရဖတပ်က UG အဖွဲ့ထောင်ပြီး ရန်ကုန် UGအဖွဲ့တွေထဲစိမ့်ဝင်နေတယ်လို့ဆို

စစ်ကောင်စီရဲ့ထောက်လှမ်းရေးတပ်တစ်ခုဖြစ်တဲ့ အမှတ် ၁ တပ်မတော် စစ်ဘက်လုံခြုံရေးအဖွဲ့က UG အဖွဲ့တစ်ခုထောင်ပြီး ရန်ကုန်မြို့တွင်းက မြေအောင်တော်လှန်ရေးအဖွဲ့(UG)တွေကြားကို ထိုးဖောက်စိမ့် ဝင်နေတယ်ဆိုတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့လာနေသလို ရန်ကုန် မြေအောက်တော်လှန်ရေး အဖွဲ့ တွေကလည်း အဲ့ဒီလိုအခြေအနေတွေရှိနေတယ်လို့ DNA ကိုပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ဒီအသံဖိုင်ထဲမှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အယောင်ဆောင်ပြောက်ကျား အဖွဲ့တချို့၊အသွင်ယူတော်လှန်ရေးသမား တချို့အပြင် ဖမ်းမိတဲ့တော်လှန်ရေးအက်အားစုတွေကတဆင့် တော်လှန်ရေးအဖွဲ့တွေကို လိုက်လံချိတ်ဆက်ပြီး စောင့်ကြည့်ဖမ်းဆီးတာတွေ၊ဟန်ဆောင်ဖောက်ခွဲမှု လုပ်ခဲ့တာတွေကိုလည်း ထည့်ပြောထားပါတယ်။

စစ်ကောင်စီတပ်အတွင်းပိုင်းမှာ အစီရင်ခံပေးပို့တာဖြစ်တယ်လို့ ယူဆရတဲ့ အဲ့ဒီအသံဖိုင်ဟာ မိနစ်နှစ်ဆယ်ဝန်းကျင်ကြာပြီးရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန် ရေးတပ်ဖွဲ့အများအပြားရဲ့လှုပ်ရှားမှုတွေကို စောငိ့ကြည့်ထားနိုင်တယ်လို့ ပြောဆိုတာတွေ ပါဝင်ပါတယ်။

“ရန်ကုန်မြို့တွင်း အကြမ်းဖက်ဖောက်ခွဲရေး လုပ်နေသည့် အဖွဲ့အစည်းများအား ဖမ်းဆီးရရှိနိုင်ရေး အသွင် ယူဆောင်ရွက်ထားမှုအခြေအနေတင်ပြခြင်း၊နေရာ မရမ်းကုန်း”လို့လည်း အဲ့ဒီအသံဖိုင်အစမှာ ပြောထားပါ တယ်။

အသံဖိုင်ထဲမှာ ပြောထားချက်အရ အခုနှစ် စက်တင်ဘာ ၁၆ရက်အထိ အခြေအနေတွေကို အဲ့ဒီဖိုင်ထဲမှာ ပြောထားတာပါ။ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းကနေ အခုနှစ်အထိ ဖမ်းဆီးရမိသူအရေအတွက်နဲ့ လက်နက် ခဲယမ်းအ ရေအတွက်တွေကိုလည်း ထည့်ပြောထားပါတယ်။

အသံဖိုင်ထဲမှာ ပြောဆိုမှုတွေအရ War Of Hunter Revolution Force (WOH) အဖွဲ့ဟာ စစ်ကောင်စီက အယောင်ဆောင်ဖွဲ့စည်းထားတဲ့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တခုဖြစ်တယ်လို့ဆိုထားပြီး အဲ့ဒီအဖွဲ့ဟာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့အတွက် ထိခိုက်မှုမရှိတဲ့ ဖောက်ခွဲမှုလေးကြိမ်လောက် လုပ်ပြခဲ့တယ်လို့ဆိုပါတယ်။

WOH အဖွဲ့ဟာ စစ်ကောင်စီ စရဖ(၁)က တပ်ကြပ်ကြီးမျိုးမင်းသန့်(ခ) ဗိုလ်တွတ်ပီက အသွင်ယူဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း အဲ့ဒီအသံဖိုင်ထဲမှာပြောထားပါတယ်။အဲ့ဒီအဖွဲ့ကို အခုနှစ်ဩဂုတ်လအတွင်း စတင်တည်ထောင်ခဲ့တယ်လို့ အသံဖိုင်ကဆိုပြီး WOH အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကိုDNA ကလေ့လာကြည့်ရာမှာ အခု နှစ် ဩဂုတ်လဆန်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

WOH လူမှုကွန်ရက်စာမျက်နှာဟာ ကနဦးမှာ သတင်းဌာနတွေကတော်လှန်ရေး သတင်းတွေကို ပြန်လည် ကူးယူဖော်ပြခဲ့တာတွေ့ရပြီး နောက်ပိုင်းမှာ သူတို့လုပ်ခဲ့တယ်ဆိုတဲ့ ဖောက်ခွဲတိုက်ခိုက်မှုတချို့ကို ထုတ် ပြန်ထားတာတွေ့ရပါတယ်။

အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားချက်တွေအရ အခုနှစ် ဒီဇင်ဘာလအထိ ဖောက်ခွဲတိုက်ခိုက်မှု ဆယ်ကြိမ်နီးပါးကို တာဝန်ခံထားပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေမှာ ရဲစခန်းနဲ့ စစ်တပ် အိမ်ထောင်သည် လိုင်းခန်း ၊မင်္ဂလာဒုံလေဆိပ် ရဲကင်းဂိတ်၊တောင်ဥက္ကလာပက ယာဉ်ထိန်းရဲကင်းစတဲ့နေရာတွေပါဝင်ပါတယ်။

အဲ့ဒီအဖွဲ့ဆီ ဆက်သွယ်သတင်းမေးဖူးတဲ့ သတင်းဌာနတချို့က သတင်းသမားတွေရဲ့နာမည်တွေကိုလည်း အသံဖိုင်ထဲမှာ ပြောဆိုနေသူက ရွတ်ပြခဲ့သလို WOH အဖွဲ့က လုပ်ခဲ့တဲ့ ဖောက်ခွဲမှုတွေဟာ ထိခိုက်မှုမရှိတဲ့ ဟန်ဆောင်ဖောက်ခွဲမှုတွေ၊အသံမိုင်းခွဲမှုတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

WOH အဖွဲ့ဟာ စစ်တပ်က အသွင်ယူဖွဲ့စည်းထားတဲ့ အယောင်ဆောင် မြို့ပြပြောက်ကျားအဖွဲ့တခု ဖြစ်တယ်ဆိုတဲ့အချက်ကို DNA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဲ့ဒီအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဟာ လက်ရှိအချိန်အထိ လူမှုကွန်ရက်ပေါ်မှာ လှုပ်ရှားမှုရှိနေပါတယ်။

အဲ့ဒီအသံဖိုင် ဘယ်ကစတင်ထွက်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကိုလည်း DNA ကစုံစမ်းနေဆဲ ဖြစ်ပြီး တော် လှန်ရေးအင်အားစုတွေအချင်းချင်း ယုံကြည်မှုလျော့လာအောင် သွေးထိုး လှည့်စားတဲ့လုပ်ရပ်တခုအဖြစ် ယူဆသူတွေလည်းရှိနေပါတယ်။

ဒါပေမယ့် လူသိများတဲ့ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူကတော့ “ဆိုက်ဝါးမဟုတ်ပါဘူး ၈၀ ရာနှုန်းက အမှန်တွေလို့ ယူဆရပါတယ်” လို့ အဲ့ဒီအသံဖိုင်နဲ့ပတ်သက်ပြီးပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့မြေပြင်တော်လှန်ရေးအဖွဲ့ဝင်တွေကို စည်းရုံးပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို ထောင်ခြောက်ဆင်ပြန်လည်ဖမ်းဆီးတာတွေရှိတယ်ဆိုတဲ့အချက်ကလည်း မြေပြင် အခြေအနေနဲ့ ကိုက်ညီတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေကပြောပါတယ်။

“အဲ့လိုပုံစံနဲ့အဖမ်းခံရတာရှိတယ်၊ကျွန်တော်တို့က အစကတည်း တစ်ယောက်က Mission လုပ်မယ်ဆိုရင် တစ်ယောက်က အဝေးကစောင့်ကြည့်တာမျိုးနဲ့ Save Sideယူထားတာမို့လို့ သိခဲ့ရတာ၊အဲ့က တည်းက ကျွန်တော်တို့ တော်တော်လေးကို သတိထားပြီးလုပ်ခဲ့ရတာမို့လို့ ဒါနဲ့ပတ်သက်လို့ ဒီလောက်ပဲသိထားပေးပါ”လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းရန်ကုန်မြို့မှာ မြေ အောက်တော်လှန်ရေး အင်အားစုဝင်တွေနဲ့ ပြောက် ကျားသပိတ်အင်အားစုဝင်လူငယ်ရာဂဏန်းလောက် ဆက်တိုက် ဖမ်းဆီးခံခဲ့ရပါတယ်။