နေရပ်စွန့်ခွာသူတွေရဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘဝများ

(The Diplomat သတင်းဌာန၏ Displaced from Myanmar: Can’t Go Back and Can’t Go Forward ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)
 
ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့ထိ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ ဒေသတွင်းကရော၊ ပြင်ပ ဧရိယာတွေဆီကပါ ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ခံခဲ့ကြရပါတယ်။ အဲဒီ ဒုက္ခသည် အများစုဟာ မြန်မာနိုင်ငံ လာကြတာဖြစ်ပြီး ပြည်တွင်းက ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်းနဲ့ တခြား တိုင်းရင်းသား မျိုးနွယ်စု တချို့လည်း အပါအဝင် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေဟာ လုံခြုံရာ ရှာဖွေရင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်း တိုးလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ်။
 
ဝမ်းနည်းဖို့ ကောင်းတာက လတ်တလော ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေရော၊ ကာလရှည်ကြာ တိမ်းရှောင်နေရသူတွေ အတွက်ပါ သူတို့ရဲ့ နေရပ်တွေဆီ ပြန်သွားဖို့ ဆိုတာက ကာလတိုအတွင်း၊ ဒါမှမဟုတ် အလယ်အလတ်လောက် အချိန် အပိုင်းအခြား တစ်ခုလောက်အတွင်း ဖြစ်နိုင်ခြေ မမြင်သေးဘူး ဆိုတာပါပဲ။
 
မြန်မာနိုင်ငံကနေ ဒုက္ခသည်တွေ ရွှေ့ပြောင်း ခိုလှုံလာကြတယ် ဆိုတာက အသစ်အဆန်း ကိစ္စတောင် မဟုတ်တော့ပါဘူး။ တကယ်တမ်းကျတော့ မြန်မာဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး မွေးထုတ်ပေးတဲ့ နိုင်ငံတစ်ခုဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် မလွှဲမရှောင်သာ လက်ခံရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်။ ဗြိတိသျှ ကိုလိုနီ ဘဝက လွတ်မြောက်လာချိန်ကစလို့ နှစ်တိုင်းလိုလို ထောင်သောင်းချီတဲ့ နိုင်ငံသားတွေဟာ အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တိုင်းရင်းသား မျိုးနွယ်ချင်း ပဋိပက္ခတွေ၊ ဘာသာရေးအရ ခွဲခြား အနှိမ်ခံရတာတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ လုံခြုံ ဘေးကင်းမယ်လို့ ယုံကြည်တဲ့ နေရာတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။ အခုနှစ်စက်တင်ဘာလထိ စာရင်းတွေ အရဆိုရင် မြန်မာနိုင်ငံကနေ ဒေသတွင်းက နေရာအနှံ့ကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက်ဟာ ခန့်မှန်းခြေ ၁၀၅၅၀၀၀ လောက်ထိ များပြားလာပြီ ဖြစ်ပါတယ်။
 
အာရှတလွှားမှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ပျံ့နှံ့ ရောက်ရှိမှု အတိုင်းအတာက အတော်လေး ကြီးမားလာပေမယ့် သူတို့အတွက် အကာအကွယ် ပေးနိုင်မယ့် ပတ်ဝန်းကျင်ကတော့ ထိလွယ်ရှလွယ် အခြေအနေ ဖြစ်နေတုန်းပါပဲ။ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းတို့ကစလို့ နိုင်ငံတကာ အတိုင်းအတာမျိုးထိ ဒုက္ခသည်တွေဆိုင်ရာ ကူညီရေး သဘောတူ စာချုပ်တွေ ကင်းမဲ့နေဆဲ ဖြစ်သလို ဒေသအလိုက် ဒုက္ခသည် အခွင့်အရေး ကာကွယ်မှုဆိုင်ရာ မူဘောင်တွေကလည်း အားနည်းနေပါတယ်။
 
ပြီးတော့ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ အသက်မွေးမှု၊ ပညာရေးနဲ့ တခြား အခြေခံ လိုအပ်ချက်တွေ ဖြည့်တင်းပေးဖို့ ဆိုတာကလည်း လုံးဝ စီစဉ်မထားတာ၊ ဒါမှမဟုတ် လွန်ရောကျွံရော ကြုံသလို ထောက်ပံ့မှု ပေးထားတာလောက်သာ ရှိပါတယ်။ ဒီတော့ ဒုက္ခသည်တွေဟာ နေရပ်လည်း မပြန်နိုင်၊ ရောက်နေတဲ့ နိုင်ငံတွေမှာလည်း အခြေချပြီး ဘဝသစ် ထူထောင်လို့လည်း မရနိုင်တဲ့ ကြားညပ်မှုမျိုး ကြုံနေရပါတယ်။ မလေးရှားမှာဆိုရင် မြန်မာနိုင်ငံသားတွေ အတွက်တော့ ဖမ်းဆီးခံရတာ၊ နယ်နှင်ဒဏ် ခံရတာ၊ အဖမ်းဆီး ခံရတာမျိုး ခြိမ်းခြောက်မှုတွေက တနေ့တခြား ကြီးထွားလာနေပါတယ်။
 
အိန္ဒိယနိုင်ငံ၊ မဏိပူရဒေသမှာ လတ်တ​လော တိမ်းရှောင်နေရတဲ့ ချင်းလူ့အဖွဲ့အစည်း တစ်ခုက အမျိုးသား တစ်ဦးက သူတို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ စိန်ခေါ်မှု ပြင်းထန်လွန်းပြီး ကမ်းမမြင် လမ်းမမြင် ဖြစ်နေတယ်လို့ ပြောပါတယ်။ “ဒီက ဒေသခံတွေကတော့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေကို နားလည်ပေးပြီး နွေးနွေးထွေးထွေး ရှိကြပါတယ်။ ဒီအတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တော့ ကျွန်တော်တို့ ကြုံနေရတာတွေက လွယ်ကူ အဆင်ပြေသွားမှာ မဟုတ်ဘူးလေ”လို့ သူက ဆိုတယ်။
 
အိန္ဒိယက ဒုက္ခသည်တွေ အနေနဲ့ အသက်မွေးမှုနဲ့ တခြား အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ မဖြစ်နိုင်တာကို သူက လက်ခံထားတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံကို ပြန်သွားဖို့ ဆိုတာကလည်း မဖြစ်နိုင်သေးဘူးလို့ ပြောပြတယ်။ “ကျွန်တော့် အတွက်ရော၊ မိသားစုအတွက်ပါ ဒီကိစ္စက လောလောဆယ် ရွေးချယ်ရမယ့် အခြေအနေ မဟုတ်ဘူး။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ အခုလို အခက်ကြုံနေတဲ့ ကာလတွေမှာ အိန္ဒိယ ပြည်သူတွေက ကျွန်တော်တို့ကို ကရုဏာထားပြီး ဆက်ပြီး ကူညီပေးနေဖို့သာ ဖြစ်ပါတယ်”လို့ သူက ဆိုတယ်။
 
အိန္ဒိယနဲ့ မလေးရှားတို့မှာ ဒုက္ခသည်တွေဟာ သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေဆီက အထောက်အပံ့ လုံးဝ မရတာ၊ ဒါမှမဟုတ် အနည်းအကျဉ်းလောက်သာ ရရှိတာမျိုး ကြုံနေရပါတယ်။
 
များသောအားဖြင့်တော့ သူတို့ဟာ တရားဝင် လမ်းကြောင်းမဟုတ်တဲ့ လူမှု အသင်းအဖွဲ့ ကွန်ရက်တွေ၊ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ နယ်ခံ မြန်မာလူမျိုးတွေဆီက အကူအညီတွေကို ရံဖန်ရံခါ ရရှိလာတတ်တယ်။
 
အိန္ဒိယ မြောက်ပိုင်းမှာဆိုရင် ချင်းတိုင်းရင်းသား အများစု ပါဝင်တဲ့ ဒုက္ခသည်တွေဟာ ပြည်ပမှာ ရွှေ့ပြောင်း အခြေချထားနှင့်ပြီးဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိသားစုတွေ၊ ဒါမှမဟုတ် ဒေသခံ လူမှုအကျိုးပြု အဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိကြပါတယ်။ အလားတူပဲ မလေးရှားမှာ ဆိုရင်လည်း ဒုက္ခသည်တွေက လူမှုကူညီရေး အသင်းတွေ၊ ဒေသခံ အန်ဂျီအိုတွေနဲ့ တရားဝင် မဟုတ်တဲ့ အလုပ်အကိုင် ခန့်အပ်ပေးမှုတွေကြောင့် နည်းနည်း အသက်ရှူ ချောင်တာမျိုး ရှိတတ်တယ်။
 
အဲဒီလိုမျိုး တရားဝင် မဟုတ်တဲ့၊ ဒါမှမဟုတ် ခိုင်ခိုင်မာမာ မဟုတ်တဲ့ အကူအညီ ပေးမှုတွေက ဒုက္ခသည် အများစုကို ခဏတဖြုတ် အဆင်ပြေစေမယ် ဆိုရင်တောင် သူတို့ကို အကာအကွယ် ပေးနိုင်မယ့် ရှုထောင့်မှာ ထင်ရှားမြင်သာတဲ့ စိုးရိမ်စရာတွေ၊ ဒုက္ခသည်တွေက ကိုယ့်ထူးကိုယ်ချွန် ရပ်တည်နိုင်ရေး အဟန့်အတား ဖြစ်တာတွေ ကြုံလာစေပြန်ပါတယ်။ ဒေသခံ ထောက်ပံ့ရေး ကွန်ရက်တွေက ဒုက္ခသည်တွေကို အကူအညီ တချို့တော့ ပေးနိုင်မယ်၊ ဒါပေမဲ့ အခွင့်အလမ်းတွေတော့ မဖန်တီးပေးနိုင်ဘူး။ ဒီအတွက် သူတို့မှာ အရင်းအမြစ်တွေ ပိုပြီး လိုအပ်ပါလိမ့်မယ်။
 
အလှူရှင်တွေက အန်ဂျီအိုတွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို ယုံကြည်လို့၊ ဒုက္ခသည် အသိုက်အဝန်းအပေါ် စာနာနားလည်လို့ ​ဝိုင်းလှူဒါန်းကြတဲ့ အထောက်အပံ့ တချို့ကသာ လိုအပ်ချက် ကြီးကြီးမားမားတွေ ကြုံနေတဲ့ သူတွေဆီ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို အကူအညီပေးမှု၊ လက်ခံမှုတွေဟာ နိုင်ငံရေး ရေချိန်ကိုလိုက်ပြီး အတက်အကျ အပြောင်းအလဲတွေ ရှိနေတတ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ဖိစီးမှုအလွန် ကာလတွေမှာ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ တော်တော်များများဟာ အနာဂတ် မရေရာမှုတွေ၊ စိုးရိမ်ရလောက်တဲ့ ငွေကြေးဖောင်းပွမှုတွေ၊ လူနေမှုစရိတ် ကြီးမြင့်လာတာတွေနဲ့ အာဖဂန်နစ္စတန်၊ ယူကရိန်းတို့မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုကို ရင်ဆိုင်လာရတယ်။ အစိုးရ အသီးသီးဟာ ပြည်တွင်းက စိုးရိမ်ပူပန်မှုတွေကို ဦးစားပေး တုံ့ပြန်ဖို့ ပိုမို ဖိအားပေး ခံနေရရင်းနဲ့ပဲ ဒုက္ခကြုံပြီး အကူအညီ လိုနေသူတွေကို လူသားချင်း စာနာမှုနဲ့ ပတ်သက်လို့ ကူညီစောင်မပေးဖို့ အားထုတ်နေရတယ်။
ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျတို့လို နိုင်ငံတွေဟာ ပြီးခဲ့တဲ့နှစ်မှာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း လူ့အဖွဲ့အစည်းတွေကို ဆက်လက် ကူညီ ထောက်ပံ့ပေးဖို့ သံန္နိဋ္ဌာန်တွေကို ခိုင်ခိုင်မာမာ ဆက်ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။ ဥပမာ အနေနဲ့ အမေရိကန် ပြည်ထောင်စုဟာ အာရှတိုက်နဲ့ ဆက်နွှယ်တဲ့ သူတို့ရဲ့ ပြန်လည် နေရာချထားရေး အစီအမံတွေကို ပြန်လည် တည်ဆောက်ခဲ့တယ်။ ဩစတြေးလျကလည်း အာဖဂန် နစ္စတန်နဲ့ ပတ်သက်လို့ လူသားချင်း စာနာမှုဆိုင်ရာ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးခဲ့ပြီး လူ့အဖွဲ့အစည်းအလိုက် ထောက်ပံ့မှုတွေကို ချဲ့ထွင်ခဲ့တယ်။ ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတွေကို သေချာပေါက် လက်ခုပ်တီး အားပေးရမှာ၊ ထောက်ခံကြိုဆိုရမှာ ဖြစ်တဲ့အပြင် တတ်နိုင်မယ်ဆိုရင် ဆက်လက် ချဲ့ထွင်ဖို့လည်း တွန်းအားပေး ကူညီသင့်ပါတယ်။
ဒါပေမဲ့လည်း အခုလို အကူအညီမျိုးတွေကို အလှူရှင် နိုင်ငံတချို့လောက်ကသာ အကန့်အသတ်နဲ့ ထောက်ပံ့နေခြင်းက မလုံလောက်တော့ပါဘူး။ ဒေသတွင်း နိုင်ငံ အစိုးရ အသီးသီးဟာ နိုင်ငံ ပိုင်နက်ထဲမှာ ဒုက္ခသည်တွေကို ကူညီ နေရာချထားပေးရေးအတွက် ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အရှိန်မြှင့် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မလေးရှားနဲ့ အိန္ဒိယတို့ အပါအဝင် ဒေသတွင်း နိုင်ငံ အစိုးရတွေဟာ ဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ ကူညီ လက်ခံခဲ့ဖူးကြပါတယ်။ အဲဒီ အချိန်တွေ အတောအတွင်း သူတို့ဟာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လုံခြုံမှု ပေးစွမ်းနိုင်ခဲ့တယ်။ အနည်းဆုံးတော့ အန္တရာယ် ရှိနိုင်တဲ့ အခြေအနေမျိုးမှာ ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒီအတွက်လည်း အဲဒီနိုင်ငံ အစိုးရတွေကို ချီးကျူးသင့်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ လမ်းကြောင်းတွေက တရားဝင် ပံ့ပိုးမှုတွေ မရတော့တဲ့အခါ သူတို့ရဲ့ အရင်းအမြစ်တွေကလည်း စတင် ဆိတ်သုဉ်း လျော့ပါးလာပါတယ်။ ဒီအတွက် နိုင်ငံပိုင်နက်ထဲ ရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အရင်လို ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်း မရှိတော့ဘဲ ဖြစ်လာပါတယ်။
ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ တရားဝင် မူဘောင် သတ်မှတ်ချက်တွေ မရှိသေးရင်တောင်မှ မျှဝေ တာဝန်ယူနိုင်စွမ်းကို မြှင့်တင်ဖို့ အချိန် ကျရောက်လာပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ပညာသင်ယူခွင့်တွေ ဖန်တီးပေးတာ၊ ထိခိုက်ခံစားရတဲ့ လူ့အသိုက်အဝန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ တခြား အဖွဲ့အစည်းတွေဆီ ချိတ်ဆက်ပေးတာတွေကို ပိုမို လုပ်ဆောင်သင့်ပါတယ်။ တကယ်တော့ အိမ်ရှင်နိုင်ငံ တစ်ခုဟာ ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။
အန်ဂျီအိုတွေ၊ ပညာရေးဆိုင်ရာ အသိုက်အဝန်းတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ တခြား ဆက်နွှယ်သူတွေဟာ ဒီလို ကြိုးပမ်း အားထုတ်မှုမျိုးမှာ သက်ဆိုင်ရာ အိမ်ရှင် အစိုးရရဲ့ မဟာမိတ်တွေ အနေနဲ့ လက်တွဲ ကူညီလို့ ရပါတယ်။ စုစည်းပြီး စနစ်ကျတဲ့ အဖွဲ့အစည်းတွေက လူသားတွေရဲ့ဘဝ ပိုမို တိုးတက် ကောင်းမွန်လာရေးအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်ကြတဲ့အခါ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ တခြား အကာအကွယ်မဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေကို အကူအညီ ပေးနိုင်ဖို့ အပေါင်းလက္ခဏာဆန်တဲ့ အပြောင်းအလဲတွေ ဖန်တီးနိုင်မယ့် အင်အားမျိုးတွေ တည်ဆောက်လာနိုင်ကြမှာ ဖြစ်ပါတယ်။