မြန်မာလုပ်သားအများအပြား သွားရောက်လုပ်ကိုင်နေသလို အခက်အခဲတွေနဲ့ ကြုံတွေ့ရသူ အများအပြား ရှိနေတဲ့ ဒူဘိုင်းနဲ့ အိုမန် တို့မှာအိမ်အကူလာလုပ်ဖို့အတွက် အလုပ်သမားအချင်းချင်း ငွေပေးစည်းရုံးခိုင်းတဲ့ စနစ်နဲ့ လူစုဆောင်းနေတယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဆီကသိရပါတယ်။
ဒူဘိုင်းရောက် မြန်မာအိမ်အကူလုပ်သားတွေကို လူသစ်တစ်ယောက်ခေါ်ပေးနိူင်ရင် ငွေကျပ် ခုနှစ်သိန်း ပေးမယ် ဆိုပြီး အဲဒီနိုင်ငံကပွဲစားကမက်လုံးပေး လူစုဆောင်းနေတာလို့ ကာယကံရှင် အလုပ်သမားတချို့ကပြောပါတယ်။
“ညီမလည်းပထမတော့ငွေလိုလိုခေါ်ပေးမလို့ဘဲ၊ကိုယ်တောင်ဒီရောက်ပြီးဒုက္ခမျိုးစုံခံနေရတာ၊နောက်လူတွေကိုယ့်လိုမဖြစ်စေချင်လို့ အဲဒါမလုပ်ဖို့ဆုံးဖြတ်လိုက်တာ”လို့ လက်ရှိဒူဘိုင်းမှာအိမ်အကူအဖြစ်လုပ် ကိုင်နေသူတဦးက ပြောပါတယ်။
ယူအေအီးနိုင်ငံဒူဘိုင်းမြို့နဲ့ အိုမန်ရောက် မြန်မာအိမ်အကူလုပ်သားတွေကို ငွေနဲ့စည်းရုံးကာ လူသစ်ရှာခိုင်းတဲ့ နည်းလမ်းကိုအေဂျင့်တွေဘက်ကလုပ်ဆောင်နေပေမယ့် လိုက်ပါလုပ်ဆောင်သူနည်းတယ်လို့သူတို့ကဆိုပါတယ်။
အရင်က အေးဂျင့်တွေအနေနဲ့ မြန်မာနိုင်ငံက ပွဲစားတွေနဲ့ချိတ်ဆက်ပြီး အိမ်အကူလုပ်သားတွေ ခေါ်ယူစုဆောင်းရာကနေအခုနောက်ပိုင်းမှာအလုပ်သမားအချင်းချင်းချိတ်ဆက်ခေါ်ယူစေတဲ့နည်းကိုသုံးလာကြတာလို့ဆိုပါတယ်။
ဒူဘိုင်းအပါအဝင်အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကိုရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအိမ်အကူ အလုပ်သမားအများစုဟာ အလုပ်ပင်ပန်းတာ၊အစားသောက်ဆင်းရဲတာ၊ခွဲခြားဆက်ဆံခံရတာတွေကြောင့် နေရပ်ပြန်လိုသူတွေများနေတယ်လို့လည်းအဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေဆီကသိရပါတယ်။
“တော်တော်များများကပြန်ချင်နေကြတာ၊ခြောက်လမပြည့်ဘဲပြန်ရင် လျော်ကြေးပေးရမယ် ဆိုလို့စိတ်ဆင်း ဆင်းရဲ ရဲနဲ့ဆက်လုပ်နေကြတာ”လို့ အိုမန်နိုင်ငံမှာ အိမ်အကူလုပ်နေသူတဦးကပြောပါတယ်။
အဲဒီအရှေ့အလယ်ပိုင်းဒေသကို အိမ်အကူလုပ်သားအဖြစ်သွားရောက်လုပ်ကိုင်မူဟာ ဒီနှစ်ဆန်းကစပြီး ခေတ်စားလာတာဖြစ်ပါတယ်။ ပွဲစားတွေက အလုပ်သမားတဦးအတွက် ဝန်ဆောင်ခ ကျပ် ခြောက်သိန်းလောက်နဲ့ တရားမဝင်စေလွှတ်နေတာလို့သိရပါတယ်။
အဲဒီနိုင်ငံတွေရောက်ရင် အေးဂျင့်က အလုပ်သမားတွေရဲ့ နိူင်ငံကူးလက်မှတ်သိမ်းထားပြီး ခြောက်လပြည့်မှ ပြန်ထုတ်ပေးတာကြောင့် လုပ်ငန်းခွင်မှာ အဆင်မပြေလို့ ပြန်ချင်သူတွေအနေနဲ့လည်း ပြန်ခွင့်မရဘဲ အခက်အခဲ တွေရှိနေတာလို့ သိရပါတယ်။
ခြောက်လမပြည့်ဘဲ ပြန်မယ်ဆိုရင် ကျပ်သိန်း ခြောက်ဆယ် လျော်ကြေးပေးရမယ် ဆိုပြီးအကျပ်ကိုင်ခံထား ရတယ်လို့ လည်းဆိုပါတယ်။
လက်ရှိအဲဒီနိုင်ငံတွေမှာ အိမ်အကူအနေနဲ့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသူ ရာနဲ့ချီရှိပြီး တရားမဝင် လုပ်ကိုင်တာဖြစ်လို့စာရင်းအတိအကျမရနိုင်ဘူးလို့သူတို့ကပြောပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူတွေဟာ အလုပ်ချိန်များလွန်းတာ၊ အိမ်ရှင် တွေက အစားရေစာဝအောင်မကျွေးတာ၊ဖိနှိပ်တာ စတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ကြရတာတွေ ကြောင့် ပြည် တွင်းမှာ နာမည်ဆိုးနဲ့ လူသိများလာပါတယ်။