တချိန်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ စဝ်ဇန့်ယောင်ဟွေ – ပြောခဲ့ဖူးတဲ့ ဖက်ဒရယ်အပေါ် အဓိပ္ပာယ်ဖော်ပုံကို သိပ်သဘောကျတယ်။ သူပြောတာက ဒီလို…။
• ■ ပြည်ထောင်စုဆိုတာ အိမ်ကြီးပုံစံ မဟုတ်ဘူး။ အိမ်ကြီးတစ်ခုထဲမှာ အိမ်ပိုင်ရှင် ရှိပြီးတော့ ကျနော်တို့ ရှမ်းတွေ၊ ကချင်တွေက အခန်းခွဲဝေးပြီး နေရတဲ့ လူတွေ မဟုတ်ဘူး။ ပြည်ထောင်စုဆိုတာ ရွာပုံစံပါ။ တချို့မိသားစုက ကြီးမယ်။ လူ ၁၀ – ၂၀ ယောက်ရှိချင် ရှိမယ်။ အိမ်ကြီးကြီး ရှိမယ်။ အိမ်သေးသေး ရှိမယ်။ ဆင်းရဲတဲ့အိမ်ရှိမယ်။ ချမ်းသာတဲ့ အိမ် ရှိမယ်။ ဒီရွာထဲမှာ အိမ်တွေဟာ ကိုယ့်ဝင်း ကိုယ့်ခြံထဲမှာ လွတ်လွတ်လပ်လပ်ပဲ။ ခင်ဗျားတို့ မိသားစုက ဆန်ပဲ စိုက်ရမယ်။ မြေပဲ မစိုက်ရဘူးလို့ ဘယ်သူမှ အမိန့်မချိဘူး။ အခု ငါတို့ ဒီရွာမှာ နွားမွေးရမယ်။ မင်းတို့ ကြက်မမွေးရဘူးလို့ ဘယ်သူမှ မပြောဘူး။ နွားမွေးချင်တဲ့ လူမွေး၊ ကုန်သည် ဖြစ်ချင်တဲ့လူ ဖြစ်၊ ဒီလိုရွာပုံစံက Federal ပဲ။ (ကွန်းခိုစာစောင်၊ သျှမ်းသံတော်ဆင့်)
ကျနော် နားလည်တာက စဝ်ဇန့်ယောင်ဟွေက Self-determination လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အလိုရှိတယ်လို့ နားလည်တယ်။ သူ ဖြတ်သန်းခဲ့တာက ဗိုလ်နေဝင်းခေတ်။ ဗိုလ်နေဝင်းက — မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာပြီး အားလုံးကို နိုင်ငံပိုင် လုပ်ပစ်တယ်။ (မှတ်ချက်။ ။ ဒီနေရာမှာ မဆလခေတ်က ဗိုလ်နေဝင်း သုံးသလို ပြည်သူပိုင် လို့ မသုံးဘူး။ တကယ့်လက်တွေ့မှာ ပြည်သူ ပိုင်တာမှ မဟုတ်တာ။ ဒါ့ကြောင့် နိုင်ငံပိုင်လို့ သုံးတယ်) အထူးသဖြင့် စီမံကိန်း စီးပွားရေးစနစ် / အမိန့်ပေးစီးပွားရေးစနစ်နဲ့ တစ်နိုင်ငံလုံးကို ချုပ်ကိုင်ပစ်တယ်။ စီးပွားရေးမှာလည်း အားလုံးက နိုင်ငံပိုင်။ ပုဂ္ဂလိကပိုင် ဆိုတာ အသေးစား အလတ်စား စီးပွားရေးကဏ္ဍတောင် မရှိ။ ကုန်သွယ်မှုနဲ့ နိုင်ငံခြားဆက်သွယ်မှုမှာတောင် တံခါးပိတ်ဝါဒကို ကျင့်သုံး / တကိုယ်တော်ဝါဒကို ကျင့်သုံးတယ်။ နိုင်ငံရေးမှာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားတယ်။ တစ်ပါတီစနစ်ကို ကျင့်သုံးတယ်။ ဒီတော့ နိုင်ငံရေးအရ တန်းတူညီမျှမှု ချုပ်ငြိမ်းကုန်တယ်။ နောက်ပိုလို့ ဆိုးတာက — ဖက်ဒရယ်ကို ပုံဖျက် ပစ်တဲ့ကိစ္စ။
■ ဖက်ဒရယ်ကို ပုံဖျက်သူ
ဖက်ဒရယ်ကို ခွဲထွက်ရေးနဲ့ ပုံဖျက်ပစ်လိုက်တာက ဗိုလ်နေဝင်းက စတာပဲ။ အဲသည့်တုန်းက ဒို့တာဝန် အရေးသုံးပါး ဆိုတဲ့ စစ်ဝါဒဇာတ်ညွှန်း မပေါ်သေးဘူး။ ဗိုလ်သန်းရွှေခေတ် ဒို့တာဝန်အရေးသုံးပါး ဇာတ်ညွှန်းရဲ့ ကနဦး ဇာတ်ညွှန်းလို့ ပြောနိုင်မယ်။ ခွဲထွက်ရင် ပြည်ထောင်စု ပြိုကွဲမယ်။ ပြည်ထောင်စု မပြိုကွဲရေး… ဒို့အရေးဆိုတဲ့ ဇာတ်ညွှန်းကို ယုံခိုင်းတာ။ ဗိုလ်နေဝင်းက တိုင်းရင်းသားတွေကို ဗိုလ်ကျခြယ်လှယ်ချင်လို့ ဖက်ဒရယ်ကို ပုံဖျက်ပစ်တယ်။ ဖက်ဒရယ်ပေးရင် ခွဲထွက်လိမ့်မယ်။ ခွဲထွက်ရင် တိုင်းပြည် ပြိုကွဲမယ်။ ဒီဇာတ်ညွှန်းကို ဗိုလ်သန်းရွှေကလည်း ဆက်ပြီး ကိုင်ဆွဲတယ်။ တိုင်းပြည် ပြိုကွဲပြီး ချောက်ထဲ မကျအောင် ကျနော်တို့က အာဏာသိမ်းတာ… လို့ ဆင်ခြေပေးတယ်။
ဖက်ဒရယ်ပေးရင် ခွဲထွက်လိမ့်မယ်ဆိုတဲ့ ယုံမှတ်မှုကို ဒီဘက်ခေတ်အထိ ပါလာအောင် ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့က ရိုက်သွင်းနိုင်ခဲ့တယ်။ အထူးသဖြင့် ဗမာအသိုင်းအဝိုင်းနဲ့ တပ်အသိုင်းအဝိုင်းကို ဒီဇာတ်ညွှန်းကို ဇွတ်အတင်း ရိုက်သွင်းထားတယ်။ ဗမာတွေကလည်း ဒါကို ယုံခဲ့တယ်။ အခုတော့ သိပြီ။
■ နိုင်ငံရေးပဋိညာဉ် အပေါ်မှာ အခြေခံ
ဗမာတွေအကြားမှာ ဖက်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ပါဘူး— ဆိုတာကို အာပေါက်အောင် ရှင်းပြခဲ့ရတယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာ စဝ်ဇန့်ယောင်ဟွေပြောသလို ကိုယ့်ခြံ ကိုယ့်ဝင်းနဲ့ နေကြတဲ့ အိမ်တွေကို စုဖွဲ့ထားတဲ့ ရွာပုံစံ ဖြစ်တယ်။ ခြံရဲ့ ဝင်းရဲ့ အကျယ်အဝန်း တူချင်မှ တူမယ်။ ဒါပေမယ့် ရွာဆိုတဲ့ ယူနစ်ထဲမှာ အားလုံး အကြုံးဝင် စုဖွဲ့နေထိုင်ကြတယ်။ ဗိုလ်နေဝင်းက နိုင်ငံရေးကို ချုပ်ကိုင်သလို တစ်ပါတီစနစ်မျိုး ဖက်ဒရယ်မှာ လုပ်လို့ မရဘူး။ ဗိုလ်သန်းရွှေ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးပုံစံလည်း လုပ်လို့ မရဘူး။ ဖက်ဒရယ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် မဟုတ်ဘူး။ အမိန့်နဲ့ ပြဋ္ဌာန်းတဲ့ ဖက်ဒရယ်ဆိုတာ မရှိဘူး။ နိုင်ငံရေးပဋိညာဉ်တစ်ရပ်အပေါ်မှာ အခြေပြုတည်ဆောက်ထားတဲ့ ဖက်ဒရယ်ဆိုတာပဲ ရှိတယ်။
ဖက်ဒရယ် ဖြစ်လာရင် — ဗိုလ်နေဝင်း လုပ်သလို နိုင်ငံပိုင်စီးပွားရေးနဲ့ ဗဟိုအစိုးရက ချုပ်ကိုင် ကြီးမှူးတာမျိုး လုပ်လို့ မရဘူး။ ရှမ်းခေါင်းဆောင် စဝ်ဇန့်ယောင်ဟွေ နားလည်လက်ခံထားတဲ့ ဖက်ဒရယ်ဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိတဲ့ ဖက်ဒရယ်ပဲ။
■ ဆိုရှယ်လစ်မှ စစ်ဗိုလ်ခေတ်သို့
ဗိုလ်နေဝင်းကတော့ — စီးပွားရေးကိုလည်း ဆိုရှယ်လစ်စနစ်၊ သမဝါယမစနစ်၊ စီမံကိန်းစီးပွားရေးစနစ်နဲ့ ချုပ်ကိုင်ထားတယ်။ လူထုလူတန်းစားတွေဟာ တန်းစီတိုးစားဘဝကို ရောက်ကုန်တယ်။ ကိုယ့်လယ်ကို ကိုယ်မပိုင်ဘူး။ ကိုယ့်မြေကို ကိုယ်မပိုင်ဘူး။ ကိုယ့်သီးနှံကို ကိုယ်မပိုင်ဘူး။ စီမံကိန်းစီးပွားရေးစနစ်နဲ့ စီမံကိန်း သီးနှံကို စိုက်ခိုင်းတယ်။ စျေးနှုန်းကိုလည်း အစိုးရက သတ်မှတ်ပေးတယ်။ ရောင်းချတဲ့နေရာကလည်း အစိုးရသတ်မှတ်တဲ့ ဒိုင်မှာသော ရောင်းရတယ်။ နယ်စပ်ကုန်သွယ်ရေး မပြောနဲ့။ ပြည်တွင်းမှာတောင် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားလို့ မရ။ နယ်ကျော်ပြီး သယ်ဆောင်တယ်ဆိုပြီး ဖမ်းဆီး အရေးယူနိုင်တယ်။ ဗိုလ်နေဝင်းက နိုင်ငံပိုင်သိမ်းပြီး — ပြည်သူပိုင်ပစ္စည်းကို စစ်တပ်ပိုင်ဖြစ်အောင် လုပ်ခဲ့တာပဲ။ ဗိုလ်သန်းရွှေခေတ်မှာ စီးပွားရေးအားလုံးဟာ စစ်တပ်လက်အောက်ကို ရောက်ကုန်တယ်။ တိုင်းပြည်ဟာ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားလာတယ်။ ဒါ့အပြင် ဓနဥစ္စာခွဲဝေမှု တဖက်စောင်းနင်းဖြစ်လာတယ်။ စစ်ဗိုလ်နဲ့ တပ်အသိုင်းအဝိုင်းက လူတွေဆီပဲ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပုံအော ကျရောက်ကုန်တယ်။ သတင်းဆိုတာလည်း နီးစပ်ရာကနေ တစ်ဆင့်သာ စီးဆင်းတဲ့ ပုံစံ။ အခွင့်အလမ်းတွေဟာ — ဆွေမျိုးကောင်းစားရေးနဲ့ သားတူညီများကောင်းစားရေး။ ထို့နောက် ဆရာ – ဒကာ ဆက်ဆံရေး။ ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဓနဥစ္စာ ဖြန့်ဝေမှုဟာ မမျှမတ ဖြစ်လာတယ်။ စစ်တပ်လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ နိုင်ငံရေးအာဏာတွေဟာ အခွင့်ထူးခံ လူအုပ်စုကို ဖန်တီးပေးခဲ့တယ်။ ဒီလူအုပ်စုကပဲ တိုင်းပြည်ကို အစဉ်အမြဲ ဂုတ်သွေးစုတ်ဖို့ ကြံရွယ်နေတယ်။
■ ဒီမိုကရေစီနဲ့သာ တင်းတိမ်နေကြ
လူမျိုးစုတွေ အားလုံးဟာ စီးပွားရေးအရ ခေါင်းပုံအဖြတ်ခံရတယ်။ နိုင်ငံရေးအရ ဖိနှိပ်ခံရတယ်။ လူမျိုးရေးအရ ဗိုလ်ကျလွှမ်းမိုးခံရတယ်။ ဗမာလူမျိုးကြီးဝါဒရဲ့ ဒဏ်ကိုလည်း ခံရသလို၊ ဗမာလူအုပ်ကြီးဝါဒရဲ့ လှိုင်းလည်း အပုတ်ခံရတယ်။ လူမျိုးစုနိုင်ငံရေးမှာ ဖက်ဒရယ်ဟာ အဖြေပဲ။ ဗမာအတော်များများက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမဖြစ်ခင်က ဒီမိုကရေစီနဲ့ပဲ တင်းတိမ်နေကြတယ်။ ဖက်ဒရယ်ဆိုတာကို မပြောဘူး။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှ — တိုင်းရင်းသားတွေကို ကိုယ်ချင်းစာနိုင်တယ်။ အဲသည့်ကျမှ ဖက်ဒရယ်ကို ကျယ်ကျယ်လောင်လောင် ပြောဝံ့လာတယ်။
တကယ်တော့ ဗမာတွေဟာ ဖက်ဒရယ်ဆိုတာကို ကောင်းကောင်း နားမလည်သေးပါဘူး။ ဗမာတွေကြားထဲမှာ ဖက်ဒရယ်ဆိုတာ စကားလုံးဝေါဟာရသက်သက်သာ အကျွမ်းဝင်မှု ရှိနေသေးတယ်။ ဖက်ဒရယ်ဆိုတဲ့ အနှစ်အသားကို အသွေးထဲ အသားထဲ စိမ့်ဝင်နားလည်ဖို့အတွက် ဗမာတွေအကြားမှာ အချိန်တစ်ခု ယူရလိမ့်မယ်။
■ လူပိန်းနားလည်အောင် လုပ်ရေး
ပြည်ထောင်စုဆိုတဲ့ ရွာကြီးမှာ — ကိုယ့်ဝင်း ကိုယ့်ခြံနဲ့ ဖြစ်တည်နေတဲ့ ဖက်ဒရယ်ယူနစ်မျိုးတွေ အသီးသီး တည်ဆောက်ဖို့ လိုနေပါသေးတယ်။ လောလောဆယ် ရွာဟာ မီးတိုက်ခံနေရတယ်။ အိမ်တွေဟာ မီးလောင်ပြီး ခြံစည်းရိုးတွေလည်း ပျက်လို့ အကွက်ပြန်ချရမယ့် အိမ်တွေ ရှိနေတယ်။ တော်လှန်ရေးအလွန်ကာလမှာ ဖက်ဒရယ်ကို လက်တွေ့ ကျင့်သုံးကြရင် ခြံဝင်းအသစ်တွေ ပြန်ပြင်ခတ်ရမှာ ရှိနေလိမ့်မယ်။ လောလောဆယ် ဒါတွေကို အသာထား၊ ဖက်ဒရယ်ဆိုတာကို လူပိန်းနားလည်အောင် လုပ်ယူရေးဟာ ဗမာတွေ အကြားမှာ အလွန်အင်မတန် အရေးကြီးနေတယ်။ ဒါကို နိုင်ငံရေးပညာတတ်ဆိုသူတွေ ကာယကံမြောက် အားထုတ်လုပ်ကိုင်ကြမှ အကျိုးဖြစ်ထွန်းလိမ့်မယ်။
မင်းသေ့