ယူကရိန်း နယ်မြေ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းထားမှုကို လက်ခံမှသာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်ပြေနိုင်လိမ့်မယ်လို့ ရုရှား အစိုးရရဲ့ ထိပ်တန်း ပြောရေးဆိုခွင့်ရ အရာရှိက သတိပေးလိုက်ပါတယ်။
ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဖက်က အဆိုပြုထားတဲ့ အချက် ၁၀ ခုကို ပယ်ချခဲ့ပါတယ်။
ယူကရိန်း အစိုးရ အနေနဲ့ လက်ရှိကာလရဲ့ လက်တွေ့ကျတဲ့ အရှိတရားတွေကို လက်ခံပြီး ရုရှားက သိမ်းသွင်းထားတဲ့ နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုနေပြီလို့ သူက ဆိုတယ်။ လက်တွေ့ အရှိတရားကို မျက်ကွယ် ပြုထားသ၍ ငြိမ်းချမ်းရေးကို ရှာဖွေနိုင်မှာ မဟုတ်ဘူးလို့လည်း ပက်စ်ကော့ဗ်က ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားတပ်တွေ တစ်စိတ်တပိုင်း သိမ်းပိုက်ထားရာ ယူကရိန်း ပြည်နယ်တွေဖြစ်တဲ့ ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇေရာတို့ကို ရုရှားရဲ့ နယ်မြေသစ်တွေ အနေနဲ့ သွတ်သွင်း သတ်မှတ်ကြောင်း စက်တင်ဘာလတုန်းက ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။
ရုရှားက ယူကရိန်း နယ်မြေတွေကို သိမ်းပိုက်ချင်နေပေမယ့် တစ်ဖက်မှာလည်း ယူကရိန်း သမ္မတ ဇီလန်စကီးက စစ်ပြေငြိမ်းရေး ဆွေးနွေးဖို့အတွက် နိုင်ငံပိုင်နက်ကို တစ်လက်မတောင် အထိခံမှာ မဟုတ်ဘူးလို့ သတိပေးထားဖူးပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ ၂၀၁၄ ကတည်းက ရုရှားတပ်တွေ သိမ်းယူထားရာ ခရိုင်းမီးယား ကျွန်းဆွယ်ကိုပါ ပြန်လည် ထိန်းချုပ်ဖို့ထိ ရည်မှန်းနေပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလိုလားလားရှိကြောင်း မကြာခဏ လေသံလွှင့်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ဒီကိစ္စအတွက် အမှန်တကယ် အားထုတ်မှုတွေ လုံးဝ မတွေ့ရဘူးလို့ ယူကရိန်းက ဝေဖန် စွပ်စွဲထားပါတယ်။