မင်္ဂလာဒုံက မြို့စွန်မြေကွက်တွေ ထုတ်ရောင်းမှုများလာ

မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်လို့ဆိုပြီး နေအိမ်သောင်းချီ ရှင်းလင်းဖယ်ရှားခံရပြီးနောက် မြို့စွန်ကမြေကွက်တွေကို ပြန်လည်ရောင်းထုတ်မှုတွေ များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့စွန်က အကွက်ရိုက်ထားတဲ့ တန်ဖိုးနည်း မြေကွက်တွေကို ပြန်လည်ရောင်းချတာတွေ ပိုပြီးတွေ့လာရတယ်လို့ သူတို့ကဆိုပါတယ်။

“နဂိုဝယ်ထားသူတွေက ကြောက်ပြီးပြန်ရောင်းထုတ်လာကြတာ၊ အချိန်မရွေး ကျူးကျော်ဆိုပြီးအသိမ်းခံရမှာ ကြောက်နေကြတာ” လို့ မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်ရပ်ကွက်မှာ နေထိုင်သူတဦးကပြောပါတယ်။

ဒါ့အပြင် ထောက်ကြံ့မြို့ပြင်နဲ့ ထောက်ကြံ-လှည်းကူးကြားက ခြံကွက်တွေလည်း အခုနောက်ပိုင်း အ ရောင်းတင်တာတွေ ဆက်တိုက်ရှိနေပေမယ့် အဝယ်အေးနေတယ်လို့ ထောက့်ကြံတိုးချဲ့ရပ်ကွက်မှာနေထိုင်သူတဦးက ဆိုပါတယ်။

“ကျပ်သိန်း တစ်ရာ၊ နှစ်ရာတန် မြေကွက်တွေ အရောင်းတင်တာများတယ်၊ အများအားဖြင့်တော့အရင်ဥယျာဥ်ခြံတွေကို အကွက်ရိုက်ရောင်းထားတာတွေ၊ ဒီအချိန်မှာက သိမ်းချင်ရင် အကြောင်းပြချက်မရှိ သိမ်းနေတော့ ရှိတာလေးပါသွားမှာ စိုးနေကြတာ” လို့ သူကပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ ပြီးခဲ့တဲ့လက နေအိမ်သောင်းချီကို ကျူးကျော်လို့ဆိုပြီး ဖျက်သိမ်းဖယ်ရှားခံရပြီးနောက် လက်ရှိမြေပိုင်ဆိုင်ထားသူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတာလို့ ဆိုပါတယ်။

အဲဒီမြို့နယ်မှာ စစ်တပ်အခြေချနယ်မြေတွေ အများအပြား မြေပိုင်ဆိုင်မူနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ရန်ကုန်၊ မန္တလေး မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် နိုင်ငံတဝန်းမှာ ကျူးကျော်ရှင်းလင်းရေး ခေါင်းစဉ်နဲ့ နေအိမ်အများအပြားကိုအတင်းအကျပ် ဖျက်သိမ်းဖယ်ရှားခဲ့လို့ လူဦးရေသိန်းချီ အိုးအိမ်မဲ့ခဲ့ရပါတယ်။