နယ်ကျော်လာတဲ့ မြောက်ကိုရီးယား ဒရုန်းတွေကြောင့် တောင်ကိုရီးယား လေတပ် အရေးပေါ် တုံ့ပြန်

မြောက်ကိုရီးယားရဲ့ ဒရုန်းတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မှာ မြောက်ပိုင်းနယ်စပ်ကို ကျော်လွန်ပြီး မြောက်ကိုရီးယားရဲ့ ဒရုန်း ၅ စီး ပျံသန်း ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်က အတည်ပြုပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား ဒရုန်းတွေ တောင်ကိုရီးယား လေပိုင်နက်ထဲ ပထမဆုံးအကြိမ် လူသိရှင်ကြား နယ်ကျော်လာတာ ဖြစ်ပါတယ်။

ဒရုန်းတွေထဲက တစ်စီးဟာ ဆိုးလ်မြို့တော် မြောက်ဖက် အစွန်အဖျား ဧရိယာတွေမှာတောင် ခေါက်တုံ့ခေါက်ပြန် ဝဲပျံနေခဲ့သေးတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက အဲဒီ ဒရုန်းတွေကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သေးပေမယ့် မြောက်ကိုရီးယား လေပိုင်နက်ထဲ ပြန်ဝင်ရောက်ပြီး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဒရုန်းတွေနောက်လိုက်ဖို့ ပျံတက်ခဲ့တဲ့ တောင်ကိုရီးယား KA-1 အမျိုးအစား အပေါ့စား တိုက်လေယာဉ် တစ်စီးလည်း ပျက်ကျခဲ့သေးပြီး လေယာဉ်မှူး ၂ ဦးကတော့ အထိအခိုက် မရှိခဲ့ပါဘူး။ တောင်ကိုရီးယား လေတပ်ကတော့ တိုက်လေယာဉ် ပျက်ကျမှုနဲ့ မြောက်ကိုရီးယား ဒရုန်းတွေ ကျူးကျော်တဲ့ ကိစ္စကြား ဆက်စပ်မှု ရှိတယ်လို့ ပြောမထားပါဘူး။

တောင်ကိုရီးယား လေပိုင်နက်ထဲ ထိပါးကျူးကျော် ဝင်ရောက်လာတယ် ဆိုကတည်းက မြောက်ကိုရီးယားဖက်က ရှင်းရှင်းလင်းလင်း ရန်စလိုက်တာကို မြင်သာစေကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ရဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ လီဆွန်အူက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ သူက တောင်ကိုရီးယား လေတပ်ဟာ ဒရုန်းတွေကို ပစ်ချဖို့ထိ စိတ်ပိုင်းဖြတ်ထားခဲ့တယ်လို့လည်း အတည်ပြုသွားပါတယ်။

ဒရုန်း တစ်စီးဟာ မြောက်ကိုရီးယားထိ ချောချောမောမော ပြန်ရောက်သွားတယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ကျန်တဲ့ လေးစီးရဲ့ ပျံသန်းမှု လမ်းကြောင်းတွေကို ခြေရာခံမှု အဆက်ပြတ်သွားတယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားကတော့ အိမ်နီးချင်း ပြိုင်ဘက်နိုင်ငံထဲ ဒရုန်းတွေ စေလွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဘာမှ မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေပါတယ်။ ၂၀၁၇ တုန်းက ထောက်လှမ်းရေးအတွက် အသုံးပြုတယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒရုန်းတစ်စီးကို နယ်စပ်နားက တောင်ထူထပ်ရာ ဧရိယာ တစ်ခုမှာ ပျက်ကျနေတာ ရှာတွေ့ခဲ့ဖူးပါတယ်။ ၂၀၁၄ တုန်းကလည်း နှစ်နိုင်ငံ နယ်စပ်နားက ကျွန်းတစ်ကျွန်းမှာ ပျက်ကျနေတဲ့ မြောက်ကိုရီးယား ဒရုန်းတစ်စီးကို တောင်ကိုရီးယား နယ်ခြားစောင့် တပ်တွေက သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။