ဖားကန့် ဒွန်ဘန်ထောင်က ထောင်မှူးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဒွန်ဘန်အကျဉ်းထောင်မှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်တပ်ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်ကို မိုးကောင်းမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLCK K က ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်မှူး ကိုင်ဇာလျန်ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် စစ်ကောင်စီသတင်းပေးအဖြစ် လုပ်နေသလို ထောင်တွင်းမှာလည်း အကြမ်းဖက်မှုတွေ လုပ်တဲ့အတွက် ဒီဇင်ဘာ (၂၄) ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ UG BLACK K တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“ခိုင်မာတဲ့အထောက်အထားရှိတဲ့အတွက် ကျွန်တော်ဖမ်းဆီးခေါ်ဆောင်ခဲ့တာဗျာ၊ ဒီမှာလည်း ကျွန်တော်တို့ စစ်ဆေးမေးမြန်းချက်အရ သူဘက်ကလည်း ထွက်ဆိုတယ်၊ သူဆီက စာရွက်စာတမ်းရယ် သူတို့အရာရှိဗိုလ်တွေ ရိုက်ထားတဲ့ပုံတွေ ဘဏ်စာအုပ်တစ်ချို့တွေကို သိမ်းဆည်းရမိခဲ့တာပေါ့” လို့ သူကဆိုပါတယ်။

စစ်ကောင်စီ ထောင်မှူးဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်ဟာ စစ်ကောင်စီရေတပ်မှာ ဗိုလ်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးမတက်တဲ့အတွက် အရပ်ဘက်ကို ပြောင်းခဲ့ပြီး ဖားကန့်မြို့နယ် ဒွန်ဘန်အကျဉ်းထောင်မှာ ထောင်မှူးအဖြစ်နဲ့ တာဝန်ကျခဲ့တာဖြစ်တယ်လို့ UG BLACK K က ဆိုပါတယ်။

အဲ့ဒီထောင်မှူးဟာ ထောင်မှူးအဖြစ် တာဝန်ကျနေချိန်အတွင်း ထောင်တွင်းဖိနှိပ်မှုတွေလုပ်တာ၊ထောင်တွင်းဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေရဲ့ အမျိုးသမီးတွေနဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေရှိပြီး ဖမ်းမိပြီးနောက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးမှာဖြစ်တယ်လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အဲ့ဒီအချက်တွေနဲ့ ပတ်သက်လို့ DNA က သီးခြားအတည်မပြုနိုင်ပါဘူး။ အကျဉ်းဦးစီးဌာနရဲ့အချက်အလက်တွေ အရတော့ ဒွန်ဘန်ထောင်ဟာ စိုက်ပျိုးမွေးမြူရေး၊ အသက်မွေးမှုအတတ်သင်စခန်းနဲ့ တွဲထားတဲ့ ဖားကန့်မြို့နယ်က (ခ) အဆင့် အကျဉ်းထောင်တခု ဖြစ်ပါတယ်။

ဒွန်ဘန်ထောင်ကို ရဲဘက်စခန်းရှိတဲ့ ထောင်တခုအဖြစ် ဒေသခံတွေသိကြပြီး လက်ရှိအဲ့ဒီထောင်မှာ အကျဉ်းသားတရာဝန်းကျင် ရှိတယ်လို့ အဲ့ဒီထောင်အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ အဲ့ဒီထောင်က အကျဉ်းသားတွေဟာ လယ်ယာစိုက်ပျိုးရေးတွေလုပ်ရပြီး ထောင်တွင်းဖိနှိပ်မှုတွေ ရှိတဲ့အကြောင်း ကြားရပေမယ့် အသေးစိတ် အခြေအနေတွေကိုတော့ မသိဘူးလို့ သူကဆိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ တနင်္သာရီတိုင်း ပုလောမြို့မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်ဦးစီးမှူးတဦးကို ဖမ်းမိခဲ့ပါသေးတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထား ဖိနှိပ်မှုတွေ လုပ်တာကြောင့် ထောင်အာဏာပိုင်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားလေ့ရှိပါတယ်။