ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ စစ်တပ်ဖမ်းထားသူတွေထဲက ဆယ်ဦးပြန်လွတ်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာက ခိုင်လုံကုန်း ကျောက်စိမ်း လုပ် ကွက်ထဲ စစ်တပ်က စီးနင်းပြီး ဖမ်းဆီးထားသူတွေထဲက ဆယ်ဦးကို ဒီဇင်ဘာ (၂၆)ရက် မနေ့က ပြန် လွှတ် ပေး လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“သူတို့ဖမ်းထားတဲ့ ကုမ္ပဏီက လူတွေကိုတော့ ဒီအတိုင်းပဲထားထားတယ်၊ အဲ့အောက်က ရှိတဲ့ ကုမ္ပဏီသုံး လေး ခုက လူတွေကိုတော့ ပြန်လွတ်ပေးတယ်၊အဲ့ကုမ္ပဏီနာမည်တွေတော့မရှိဘူး၊အခုအချိန်က တနိုင်တ ပိုင်လုပ်စား တဲ့သူတွေ၊ ပြောရမယ်ဆို ခိုးလုပ်တာတွေပေါ့ “လို့ ဒေသခံတဦးက ပြောပါတယ်။
ခိုင်လုံကုန်း လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားတဲ့ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးမင်းနိုင်စိုးနဲ့ ဝန်ထမ်းတွေကို ပြန် လွတ်ပေးတာမရှိသေးသလို စစ်ကောင်စီတပ်တွေ အပြင်သွားချိန်မှာ အဲ့ဒီကုမ္ပဏီဝန်ထမ်းတွေကို လူသားဒိုင်း အဖြစ် ခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်က အဲ့ဒီ ကျောက်မျက်လုပ်ကွက်ထဲကို အခုလ (၁၇)ရက်က ဝင်ရောင်စီးနင်းကာ ကုမ္ပဏီပိုင်ရှင် အပါအဝင် ဝန်ထမ်းစုစုပေါင်း လူဦးရေ လေးဆယ်လောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဒီကနေ့အထိ အဲ့ဒီလုပ်ကွက်ထဲ တပ်စွဲထားတယ်လို့ သိရပါတယ်။
အဲ့ဒီမှာ တပ်စွဲထားတဲ့ စစ်တပ်က ခိုင်လုံကုန်း လုပ်ကွက် အနီးဝန်းကျင်လုပ်ကွက်တွေမှာ လုပ်ကိုင်နေသူတွေ ကို မနေ့က ကျောက်တူးမြေဇာတွေ သယ်ပို့ခိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။ဘာအတွက် အဲ့ဒီလို လုပ်ခိုင်း တယ်ဆို တာကိုတော့ ဒေသခံတွေရှင်းရှင်းလင်းလင်းမသိကြပါဘူး။
“အဲ့ဒီက လူတွေ(ဖမ်းခံထားရသူတွေ)ကိုလည်း သူတို့(စစ်တပ်) ပြန်ရင်လည်း ပြန်ခေါ်သွားမှာပဲ၊သူတို့ ကာ ဗာ အနေနဲ့ သူတို့နေရာရောက်မှ ပြန်လွတ်ပေးမှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခိုင်လုံကုန်း လုပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာ၊ကုမ္ပဏီပိုင်ရှင်နဲ့ဝန်ထမ်းတွေကို ဖမ်း ဆီး ထားတာစတဲ့အကြောင်းအရင်းတွေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိဘူး။ဒေသခံတွေကတော့ လက်နက် ကိုင်ဆောင်မှုနဲ့ဖမ်းဆီးတာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
ဖားကန့်မြို့နယ်တဝိုက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ အခုလအတွင်း တိုက်ပွဲတွေဖြစ်နေသလို လက်ရှိမှာ လည်း စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။